မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် Pauk Regional Defense Force ၏ စခန်းအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ဖျက်ဆီးသွား၍ ကျပ်သိန်း ၅၀၀ခန့်ဆုံးရှုံးခဲ့ကြောင်း PRDFက သတင်းထုတ်ပြန်သည်။
သြဂုတ် ၁၃ ရက်က စစ်ကောင်စီတပ်သည် Pauk Regional Defense Force ၏ စခန်းအား စစ်ကြောင်းထိုးလာစဥ် ပြည်သူ့ရဲဘော်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည်။
တိုက်ရိုက်ထိတွေ့တိုက်ပွဲတွင် စခန်းကိုမကာကွယ်နိုင်ဘဲ လူလွတ်ရန် ဆုတ်ခွာတိမ်းရှောင်ခဲ့ကြောင်း PRDFက အသိပေးသည်။




ဖြစ်စဥ်နှင့်ပတ်သက်၍ PRDFသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စခန်းဖျက်ဆီးခံရမှုကြောင့် ကျပ်သိန်း ၅၀၀ခန့် ဆုံးရှုံးသွားသည်ဟု PRDFက ခန့်မှန်းထားသည်။ ၎င်းတို့ထုတ်ပြန်သည့် မှတ်တမ်းဓါတ်ပုံများတွင် ကားတစ်စီးနှင့် ဆိုင်ကယ်အများအပြားကိုပါ မီးရှိူ့ဖျက်ဆီးခံထားရသည်ကို တွေ့မြင်ရသည်။
“ပျက်စီးဆုံးရှုံးသွားသည်မှာ စခန်းတစ်ခုဆိုတာထက်ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်အနာဂတ်များရှင်သန်ရာဖြစ်သည်။ ကျွန်တော်တို့ RDF တပ်ဖွဲ့ ပြန်လည်ထူထောင်နိုင်ရန် ၊ ဆုံးရှုံးမူများထက် ပြည်သူ့ရည်မှန်းချက် fedral democracy ပန်းတိုင် အရောက်လှမ်းနိုင်ဖို့ ကူညီထောက်ပံ့မူများလိုအပ်နေပါသဖြင့် Page cb ကိုလာရောက်ဆက်သွယ် လှူဒါန်းပေးကြပါရန် တစ်ဖွဲ့သားလုံးကိုယ်စား ပြည်သူအားလုံးကို လေးစားစွာဖြင့် ပြည်သူ့မေတ္တာများ တောင်းခံအပ်ပါသည်။”ဟု PRDFက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်က ပေါက်မြို့နယ်အတွင်းရှိ အထက်ချိုင်ဇောက်ကျေးရွာနှင့် အောက်ချိုင်ဇောက်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်၇၀နီးပါးနှင့် စာသင်ကျောင်းတစ်ကျောင်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စိတပ်သည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်များကို သြဂုတ်လဆန်းပိုင်းတွင် တကျော့ပြန်စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ဒေသတွင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
