စစ်ကောင်စီတပ်က ပြည်သူ ၅၀ခန့် ဖမ်းဆီးခေါ်ဆောင်သွား
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျောက်ထုံးကြီးကျေးရွာရှိ နေအိမ်အချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ထပ်မံလာရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(သြဂုတ်၁၉ ရက်) နံနက် ၁၀ နာရီခန့်က ကသာမြို့နယ်၊ ဧရာဝတီမြစ်အရှေ့ခြမ်း၊ကျောက်ထုံးကြီးတိုက်နယ်ရွာရှိ နှစ်ထပ်တိုက် နှစ်လုံး၊ ပျဉ်ထောင်အိမ်တစ်လုံးတို့ကို အင်အား(၁၂၀)ပါ ရွှေကူ (ကချင်ပြည်နယ် အခြေစိုက်) (၆၀၂)(၅၆)တပ်များက မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။



စစ်ကောင်စီတပ်သည် အဆိုပါနေအိမ်များအား လူခွဲကာ မီးရှို့ဖျက်ဆီးသွားပြီးနောက် သက်ကယ်ချင်းကျေးရွာသို့ တက်သွားပြီး စစ်သင်္ဘောလုံခြုံရေး ယူပေးခဲ့သည်။
ထို့အပြင် ကျောက်ထုံးကြီးကို နောက်တစ်ခေါက် ပြန်လာပြီး နေအိမ် အနည်းဆုံး(၂၇)လုံး အထက် ထပ်မံမီးရှို့ ရန်ကျန်သေးကြောင်း ခြိမ်းခြောက် သွားသည်ဟု ကသာ(ပ.က.ဖ)က ပြောသည်။
ကျောက်ထုံးကြီးရွာရှိ ဒေသခံပြည်သူ ၅၀ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
သြဂုတ် ၁၈ရက် နံနက်ပိုင်းက ကသာမြို့နယ်၊ ဧရာဝတီမြစ်အတွင်း သွားလာနေသော အကြမ်းဖက်စစ်တပ်၏ သင်္ဘော၆စီးအား ABSDF၊ ကသာမြို့နယ် (ပကဖ)နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့ များတပ်ပေါင်းစုက လက်လုပ်လျှော့ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
