ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကြား အိမ်သစ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF(KKG)ကထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲသည် ယမန့်နေ့(ဩဂုတ် ၁၈ ရက်) က တစ်နာရီကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် အကျအဆုံးများရှိနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်များဘက် နှစ်ဦးမစိုးရိမ်ရသောဒဏ်ရာရရှိခဲ့သည်ဟု CDF-ကလေး၊ကဘော်၊ဂန့်ဂေါ် (KKG)ကအသိပေးသည်။
ဂန့်ဂေါမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းတွင်စစ်ကောင်စီတပ်သား ၅၀နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂၀ ခန့်ဖြင့် စုစုပေါင်း ၇၀ခန့်ပါဝင်သည်။
ဒေသခံကာကွယ်ရေးတပ်များဘက်ကCDF(KKG)တပ်ရင်း-၆၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)၊ နဂါးညီနောင်အဖွဲ့(၁)၊ ပ ကဖ နှင့် Gangaw PDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကို ဖမ်းဆီးရမိပြီး ကောင်းမွန်စွာထားရှိသည်ဟုလည်းဖော်ပြထားသည်။
သို့သော်စစ်ကောင်စီတပ်က အိမ်သစ်ရွာမှ ရွာသားတစ်ဦးကို ပစ်သတ်ပြီး ခေါက်ခူရွာမှ ရွာသားနှစ်ဦးကိုဖမ်းဆီးထားကြောင်းသိရသည်။
