မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော်(ငတမျှော်) ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အိမ်ခြေ ၅၀၀ခန့် မီးလောင်ကာ ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် သြဂုတ် ၁၇ရက် နံနက် ၁၀ နာရီခန့်မှစတင်ကာ အိမ်ခြေ ၆၀၀ ခန့်ရှိသော ငတရော်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။
သြဂုတ် ၁၈ ရက်တွင်လည်း စစ်ကောင်စီတပ်က ငတရော်ရွာကို ထပ်မံဝင်ရောက်ကာမီးရှို့သွားခဲ့ခြင်းဖြစ်သည်။


စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများထိခိုက်မှုရှိ၊မရှိ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
“အိမ်သာနဲ့ ရေအိုးစင်ပဲကျန်တယ်။ ဒီအိမ်လေးဆောက်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားထားရတာပါ။ ရှစ်လပဲ နေခွင့်ရလိုက်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေစကြိုမြို့နယ်၊ လှေခုတ်ကျေးရွာနှင့် ငတ မျှော်ကျေးရွာတို့မှာ စစ်အုပ်စု၏ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး မီးဘေးသင့်ပြည်သူထောင်နှင့်ချီ၍ရှိပြီဖြစ်ကာ အကူအညီများစွာ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။


သြဂုတ် ၁၇ ရက် နံနက် ၉နာရီဝန်းကျင်က ရေယှားကျေးရွာမှ ငတရော်ကျေးရွာသို့ စစ်ကြောင်းနှစ်ကြောင်းခွဲတက်လာသော အင်အား ၆၀ ကျော်ပါ အကြမ်းဖက်စစ်အုပ်စုအား ဒေသတွင်း ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ငတရော်ရွာခြေအရောက်တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်အုပ်စုဘက်က ရှစ်ဦးခန့်သေဆုံးနိုင်ပြီး ရဲဘော်တစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို PDF အဖွဲ့က ထုတ်ပြန်ထားသည်။
