ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ဆိုလာလူးကျေးရွာအနီး စနိုက်ပါ ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူး စစ်ဆင်ရေးအဖွဲ့က ယနေ့(သြဂုတ် ၁၈ရက်) ထုတ်ပြန်သည်။
ဆိုလာလူးရွာအနီးတပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး စနိုက်ပါအဖွဲ့ ၊ KNDF Sinper အဖွဲ့ ၊ Loikaw PDF Sinperအဖွဲ့များမှ သြဂုတ် ၁၄ ရက်မှ ၁၆ ရက်အတွင်း ပူးပေါင်းတိုက်ခိုက်ခဲ့ သည်ဟု ဆိုသည်။

အဆိုပါသုံးရက်အတွင်း တိုက်ခိုက်မှုအရ သြဂုတ် ၁၄ ရက်တွင် စစ်ကောင်စီ ဘက်မှ စနိုက်ပါတစ် ဦးသေဆုံးခဲ့ပြီး သြဂုတ် ၁၆ရက်တွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ပူးပေါင်း စနိုက်ပါအဖွဲ့များမှ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခဲ့ကြောင်း လည်း အသိပေးသည်။

ဒေသခံညီနောင်မဟာမိတ်အဖွဲ့များဖြင့်ပူးပေါင်းကာ ပုံသဏ္ဍာန်မျိုးစုံ၊တိုက်ခိုက်နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

လက်ရှိ ကရင်နီဒေသအတွင်း၌ စစ်ကောင်စီတပ်က အင်အားတိုးချဲ့နေပြီး ယခုလ ဒုတိယပတ် အတွင်း ရှားတော၊ဘောလခဲ၊ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ် တို့တွင် တိုက်ပွဲအများစုဖြစ်ပွားခဲ့ကာ စစ် ကောင်စီတပ်သား ၁၉ ဦး ထက်မနည်းသေဆုံးပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။
