စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ PDFစခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ မိုင်းကွဲပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများရှိကြောင်း လေပွေမုန် တိုင်း ဒီပဲယင်းနယ် PDF က ထုတ်ပြန်သည်။
သြဂုတ် ၈ရက်က လေပွေမုန်တိုင်း ဒီပဲယင်းနယ် PDF၏ စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးမီးရှို့ခဲ့ရာ PDFအဖွဲ့ထောင်ထားသည့် မိုင်းများမိကာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် လဲကျသွားကြောင်း လေပွေမုန်တိုင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။



“၁၅ကောင်နဲ့ တဲတစ်လုံးလဲရတာ တန်ပါတယ်”ဟု လေပွေမုန်တိုင်းအဖွဲ့က အသိပေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး လေပွေမုန်တိုင်းအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီတပ်သည် ဒီပဲယင်းနယ်အတွင်း စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေပြီး ၎င်းတို့၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ့နေအိမ် ၁,၀၀၀ကျော် မီးလောင် ဆုံးရှုံးခဲ့ရကာ ပြည်သူထောင်ချီ အခက်အခဲတွေ့နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။
