ရခိုင်ကမ်းရိုးတန်းအနီး ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းရဲ့အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း တိုင်းနဲ့ပြည်နယ်(၁၁)ခုမှာ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခတ်နိုင်လို့ ရေကြီးမှုနဲ့ မြေပြိုမှုဘေးကို ကြိုတင်သတိပြုကြဖို့ မိုးဇလက အသိပေးထားပါတယ်။
ဒီကနေ့ မနက်(၅)နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းအနီးမှာ လေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေပြီး အဆိုပါလေပွေလှိုင်းဟာ ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။
လေပွေလှိုင်းရဲ့အရှိန်ကြောင့် ဒီကနေ့ ဩဂုတ်(၁၈)ရက်ကနေ (၂၀)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းနဲ့ ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မိုးပြိုတာတွေစတဲ့ သဘာ၀ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်ချောင်းငယ်အနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီးရေလျှံမှုကို ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက သတိပေးထားပါတယ်။
ဒါ့အပြင် ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံဌာနတစ်ခုဖြစ်တဲ့ မိုးဇလက အသိပေးနှိုးဆော်လိုက်တာဖြစ်ပါတယ်။
လတ်တလောမှာ ရန်ကုန်၊ မွန်၊ ကရင်အပါအဝင် တိုင်းနဲ့ပြည်နယ်တစ်ချို့မှာ ရေကြီးမှုဘေး၊ မြေပြိုမှုဘေးနဲ့ လေပြင်းဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။
