ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းအား လက်နက်ကြီး၊လက်နက်ငယ်များအပြင် ဒရုန်းများပါဝင်သော စစ်ဆင်ရေးတစ်ခုဆင်နွှဲခဲ့ကြောင်း People’s Defence Force – Htilin က ထုတ်ပြန်သည်။
ယနေ့(ဩဂုတ် ၁၇ ရက်)ညနေ ၅နာရီခွဲခန့်ကစ၍ မင်းရွာရဲစခန်းကို ထီးလင်း PDF(YRPA) တပ်ဖွဲ့ ဝင်များနှင့်အတူ KKG တပ်ရင်း -၅ ၊ ဂန့်ဂေါတောင်ပိုင်း PDF၊ YDF တပ်ရင်း (၆၊၇၊၈၊၁၄)၊ ဂန့်ဂေါတောင်ပိုင်း(ပကဖ)နဂါးညီနောင်အဖွဲ့ (၁) တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး KKG အဖွဲ့မှ ဒရုန်း များဖြင့်လည်း အနီးကပ်သွားရောက်ပစ်ကူပေးခဲ့ရာ အချိန်တစ်နာရီခွဲ ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ကျရှုံးမှုများ ရှိနိုင်သော်လည်း အတည်ပြု နိုင်ခြင်းမရှိသေးပေ။
“သွားတိုက်တာတော့ သိတယ်။လောလောဆယ်နောက်ဆက်တွဲ တိတိကျကျ ဘာမှမသိရသေးဘူး။မင်းရွာရဲစခန်းက ဂန့်ဂေါမြို့ပေါ်နဲ့ဆို ၁၅ မိုင် လောက်ပဲလှမ်းတယ်”ဟု ဂန့်ဂေါ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မင်းရွာရဲစခန်းကို သြဂုတ် ၁၅ ရက်ကလည်း ယောဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားသည်။
