ဒီနေ့မနက်ပိုင်း က ရတနာပုံတံတားရဲ့စစ်ကိုင်းဘက်ခြမ်း လုံခြုံရေးဂိတ်အနီးပစ်ခတ်မှုမှာ စစ်တပ်က ကားကိုပစ်ခတ်တာကြောင့် ခရီးသည်တင်ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၂ ဦး သေဆုံးခဲ့ရပါတယ်။
ခရီးသွားအမျိုးသား ၁ဦးနဲ့အမျိုးသမီး ၁ ဦးတို့ မှန်လုံယာဉ်ပေါ်မှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရတာပါ။
ဒီနေ့မနက် ၈ နာရီခွဲခန့်က ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်းမှာ ရန်ကုန် − မုံရွာပြေးဆွဲနေတဲ့ မှန်လုံယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့ပြီး ကားပေါ်မှာ ပါလာတဲ့ PDF အဖွဲ့ဝင်အချို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြပါတယ်။

မှန်လုံယာဉ်ကို စစ်ကောင်စီတပ် အပြင်းအထန်ပစ်ခတ်ခဲ့တယ်လို့သိရပြီး ထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရ ယာဉ်ရဲ့ ဘေးဘက်ခြမ်း မှာ ကျည်ဆံရာတွေ ဒလပွဖြစ်နေတာကိုတွေ့ရပါတယ်။
ဒီပစ်ခတ်မှုကို စစ်ကောင်စီဘက်က သတင်းထုတ်ရာမှာ PDF ၂ ဦးနဲ့ ခရီးသည် ၂ ဦးသေဆုံး ပြီး ခရီးသည် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုထားပါတယ်။
PDF တပ်ဖွဲ့ဝင် ၁ ဦးကိုလည်းအရှင်မိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ခရီးသွား ၅ ဦးထဲမှာ အသက် ၉ နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်တယ်လို့သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီး လက်နက်ခဲယမ်းတွေကိုမိတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ထားပါသေးတယ်။
အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၂ ဦးသေတယ်လို့သတင်းထွက်နေပေမယ့် စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်မှာမတွေ့ရပါဘူး။
