CDM ဗိုလ်ကြီးတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှေ့တန်းစခန်းတစ်နေရာတွင် အဖျားပြင်းထန်၍ ကွယ်လွန်သွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ဗိုလ်ကြီးအောင်ဆန်းဖုန် ကြည်း(၇၀၄၃၈)သည်တပ်မဟာ(၈)ပြည်သူ့ရင်ခွင်စခန်းတွင် သြဂုတ် ၁၆ရက်က ကွယ်လွန်သွားခြင်းဖြစ်သည်။
” ပြည်သူတွေကို မတရားဖိနှိပ်အုပ်ချုပ်သတ်ဖြတ်နေသော အစိုးရကို CDM ပြုလုပ်ပြီး ကိုယ်ကျိုး ရာထူးစွန့်ကာ ပြည်သူဘက်ရပ်တည် သော ဗိုလ်ကြီး အောင်ဆန်းဖုန် ကြည်း/၇၀၄၃၈၊ စခန်းတစ်နေရာတွင် ရုတ်တရက် အပြင်းဖျားကာ ကွယ်လွန်သွားကြောင်း သိရလို့ အလွန် ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျန်ရစ်သည့် မိသားစုများကို ဘုရားသခင် ထံတော်ပါးမှ နှိမ့်သိမ့် မူရ ကြပါစေ”ဟု ဒီချုပ်အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဦးချန်းဂျော်ရ်ရမ်က သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဗိုလ်ကြီး အောင်ဆန်းဖုန်သည် ရဝမ်လူမျိုးတစ်ဦးဖြစ်သည်။ ရှေ့တန်းစခန်းတွင် ဆရာဝန်များက ဂရုတစိုက်ကုသပေးခဲ့သော်လည်း ကွယ်လွန်ခဲ့ခြင်းဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။
“တော်လှန်ရေးအတွက် လူသိရှင်ကြားပေးဆပ် နေရသူတွေရော ၊လူမသိသူမသိပေးဆပ်နေသူတွေရော ရှိနေတယ်။ ဒီစစ်ကောင်စီပြုတ်ကျတဲ့အထိ တိုက်မှ အားလုံးကောင်းသွားမှာ”ဟု ရဝမ်တိုင်းရင်းသားတစ်ဦးက ပြောသည်။
