ကြည့်မြင်တိုင်မြို့နယ်၊ အလတ်ချောင်းကွက်သစ်ရပ်ကွက်၊ ကမ်းနားရှိ သင်္ဘောတစ်စီးသည် ယနေ့ မနက် ၁၀နာရီခွဲခန့်ကမိုးရွာနေစဥ်မှာပင်မီးလောင်ကျွမ်းခဲ့သည်။
ဒေါက်တင်နေသည့် သင်္ဘောမီးလောင်ခြင်းဖြစ်သည်ဟုအချို့ကပြောသလို ၊ဦးပိုင်လက်အောက်ရှိကုမ္ပဏီ၏ဆီတင်သင်္ဘောမီးလောင်ကျွမ်းခြင်းဖြစ်သည်ဟုလည်း ဒေသခံအချို့ကပြောသည်။ မည်သည့် သင်္ဘောအမျိုး အစားနှင့်မီးလောင်ကျွမ်းသည့်အကြောင်းအရင်းကိုမူ လူထုနွေဦးက အတည်မပြုနိုင်သေးပါ။
သင်္ဘောမှာမနက် ၁၀နာရီခွဲမှ စတင်ပြီးလောင်ကျွမ်းခဲ့ပြီး ၁၁နာရီခန့်တွင်းမီးငြိမ်းသတ်နိုင်ခဲ့သည်ဟုစစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ထားသည်။
မီးလောင်မှုကို ငြိမ်းသတ်ရန် ကြည့်မြင်တိုင်၊ စက်ဆန်း၊ ကမာရွတ်၊ဆိတ်ကြီးခနောင်တို့မှ မီးသတ်ကားများ ထွက်ခွာခဲ့ရသည်ဟုလည်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မီးလောင်ရသည့်အကြောင်းအရင်းနှင့် သင်္ဘောအမျိုးအစားကိုမူ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသေးပေ။
