တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော်အထိစံချိန်တင်ဈေးတက်လာပြီးနောက် ပြည်တွင်းရှိ ဒေါ်လာကိုင်ခွင့်ရကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၏ ဝင်ငွေဒေါ်လာများကို တစ်လအတွင်း စိတ်ကြိုက်အရောင်းအဝယ်ပြုလုပ်နိုင်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ကြေညာပြန်သည်။
ဒေါ်လာမှ ကျပ်ငွေကို ပြောင်းလဲရန် ကင်းလွတ်ခွင့်ရထားသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ၏ ဝင်ငွေ ရာခိုင်နှုန်းပြည့်ကို ကိုယ်တိုင်သုံးစွဲခြင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သူများကို ရောင်းချခြင်းတို့ကို စစ်ကောင်စီထံ သီးခြားခွင့်ပြုချက် ယူရန်မလိုအပ်တော့ဟု စစ်ကောင်စီက သြဂုတ် ၁၅ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင်လည်း ရက်ပေါင်း ၃၀အတွင်းသာ ဆောင်ရွက်ရမည်ဟုလည်း စစ်ကောင်စီ ဗဟိုဘဏ်ကကန့်သတ်ထားသည်။
ဒေါ်လာမှ ကျပ်ငွေကို ပြောင်းလဲ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ဒေါ်လာကို နိုင်ငံဖြတ်ကျော်ငွေပေးချေရာတွင်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူရန်မလိုအပ်တော့လည်းဆိုသည်။ ကင်းလွတ်ခွင့်ရသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များထံမှ ဝယ်ယူသူများသည်လည်း နိုင်ငံဖြတ်ကျော်ငွေပေးချေမှုကိုလည်း စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုတော့ဟုလည်းဆိုပြန်သည်။
“ကင်းလွတ်ခွင့်ပြုထားတဲ့သူတွေအတွက် လုပ်ကိုင်ခွင့်ရသွားတဲ့သဘောပါပဲ။ သူတို့မှာ ဒေါ်လာလိုအပ်ချက်များလားပြီး ခြေမကိုင်မိ၊ လက်မကိုင်ဖြစ်နေတယ်ဆိုတာ အခုလို ညွန့်ကြားချက်တွေ မျိုးစုံထုတ်နေတာကိုကြည့်ရင်း ခန့်မှန်းနိုင်ပါတယ်”ဟု ရန်ကုန်အခြေစိုက်ပို့ကုန်ုလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင်ပြည်တွင်းဈေးကွက်အတွင်းဒေါ်လာလိုအပ်ချက်မြင့်တက်လာပြီး တစ်ဒေါ်လာကို ကျပ်၃၀၀၀ အထိပေါက်ဈေးရှိနေခြင်းဖြစ်သည်။ စစ်ကောင်စီဗဟိုဘဏ်က ဧပြီ ၃ ရက် တစ်ဒေါ်လာကို ၁၈၅၀ကျပ် သတ်မှတ်ထားပြီး ဩဂုတ် ၅ ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့်ပြောင်းလဲသတ်မှတ်ခဲ့သည်။
စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ဖြည့်တင်းရန် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ဧပြီ ၄ ရက်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့် တရက်အတွင်းရောင်းချရမည်ဟု ဖိအားပေးခဲ့သည်။
ထို့နောက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးစီးပွားရေးဇုန်များမှ ကုမ္ပဏီများကို ဒေါ်လာမှ ကျပ်ငွေပြောင်းလဲခြင်းကို ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။
စစ်ကောင်စီက ဒေါ်လာနှင့်ပတ်သပ်သောမူဝါဒကိုအာဏာသိမ်းထားသောတစ်နှစ်ခွဲကျော်အတွင်း အကြိမ်ပေါင်းဆယ်နှင့်ချီ၍ အပြောင်းအလဲ ပြုလုပ်ထားသည်။တစ်ခါတစ်ရံ ရက်ပိုင်းအတွင်ပင် ဒေါ်လာမူဝါကိုပြောင်းလဲပစ်သည်။ထိုသို့ အမျိုးမျိုးပြောင်းလဲ သော်လည်း ဒေါ်လာဈေးကျဆင်သွားခြင်းမရှိဘဲ ငွေကြေးဈေးကွက်ပိုမိုမတည်မငြိမ်ဖြစ်လာပြီး ကျပ်ငွေတန်ဖိုးမှာ မကြုံဖူးအောင်ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက ၁ ဒေါ်လာလျှင် ၁၃၃၇ ကျပ်သာရှိခဲ့သည်။ထိုကြောင့် ငွေလဲနှူန်းအရဆိုပါက ကျပ်ငွေတန်ဖိုးသည် တစ်နှစ်ခွဲ အကြာတွင်၁၂၄ ရာခိုင်နှူန်းတန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်သည်။
