ရန်ကုန်မြို့တွင်း စက်သုံးဆီပြတ်လပ်နေခြင်းကို သတင်းမှားသာဖြစ်ပြီး အရောင်းပိတ်ထားသည့် ဆိုင်များကို အရေးယူသွားမည်ဟု ရန်ကုန်တိုင်းစစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။
ရန်ကုန်တိုင်းစစ်ကောင်စီက ၎င်းတို့လက်အောက်ခံရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီထံသို့ ဩဂုတ် ၁၃ရက်က ညွန့်ကြားသည့်စာတွင်ဖော်ပြထားခြင်းဖြစ်သည်။
စစ်ကောင်စီက စက်သုံးဆီဆိုင်လုပ်ငန်းရှင်များသည် ဈေးနှုန်းများပြောင်းလဲလာမည်ဟူသော မျှော်လင့်ချက်ဖြင့် စက်သုံးဆီ ပြတ်လပ်သည် သို့မဟုတ် လက်ကျန်နည်းနေသည်ဟုအကြောင်းပြကာအရောင်းရပ်ထားခြင်းနှင့်အကန့်အသတ်ဖြင့်ရောင်းချခြင်းများပြုလုပ်နေသည်ဟု စွပ်စွဲထားသည်။

စက်သုံးဆီပြတ်လပ်နေသည်ဆိုသော သတင်းမှာလည်းသတင်းမှားဖြစ်သည်ဟုစစ်ကောင်စီကဆိုသည်။ စက်သုံးဆီဆိုင်များ ရောင်းချမှုရပ်နားထားခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းများကို ကြီးကြပ်စစ်ဆေး၍ အရေးယူသွားရမည်ဟု ရန်ကုန်တိုင်းစစ်ကောင်စီကဖိအားပေးထားသည်။
ထိုအပြင် စစ်ကောင်စီက ဆီဆိုင်များ၏ နေ့စဉ်ရောင်းချရမှုနှင့် ဆီလက်ကျန်များကို နေ့စဉ်နေ့လယ် ၁၂နာရီ အရောက်ပို့ပေးရမည်ဟု ဆီဆိုင်ပိုင်ရှင်များကို ညွန့်ကြားထားသည်။
ဆီသို့လှောင်ထားသည့် ပမာဏနှင့် နေ့စဉ်ရောင်းချမှုများကိုလည်း နေ့စဉ် စာရင်းပြုစုပေးရမည်ဟုဖိအားပေးထားပြီး စက်သုံးဆီဈေးကွက်ကို စစ်ကောင်စီကပိုမိုထိန်းချုပ်ရန်ကြိုးစားနေသည်။
အမှန်တွင် စက်သုံးဆီပြတ်လပ်နေခြင်းမှာ စစ်ကောင်စီကဆီသွင်းရန် ဒေါ်လာများမရောင်းပေးတော့သဖြင့် လုပ်ငန်းရှင်များက ပြင်ပပေါက်ဈေးဖြင့် ဆီသွင်း၍ရောင်းချလျှင် ဒေါ်လာဈေးဆက်တိုက်တက်နေသဖြင့် ဆီသွင်းပြီးရောင်းလျှင်အရှုံးပေါ်သဖြင့် ဆီသွင်းမှု ရောင်းချမှုရပ်ကြသဖြင့်ပြတ်လပ်နေခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်လာဈေးကို ၂၁၀၀ သတ်မှတ်သော်လည်း သြဂုတ် ၁၅ တွင် ဒေါ်လာဈေးမှာ ၃၀၀၀ ကျပ်ဈေးရှိနေသည်။

“ဈေးကွက်သဘောအရ အကျိုးအမြတ်မရှိရင် ဘယ်သူမှ စီးပွားရေးမလုပ်ဘူးဆိုတဲ့ သဘောကို စစ်ကောင်စီဘက်က အခုထိ နားမလည်သေးတာလိုမြင်တယ်။ အခုက စစ်ကောင်
စီခေါင်းဆောင်းတွေက မြေပြင်ဖြစ်နေတာကို နားမလည်တာလား၊ မသိချင်ဟန်ဆောင်နေတာလား မေးခွန်းထုတ်ရတော့မယ်”ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် စက်သုံးဆီဈေးများမှာ ဆက်လက်မြင့်တက်နေပြီး စက်သုံးဆီတစ်လီကို တပတ်အတွင်း ကျပ် ၇၀၀ကျော်မြင့်တက်ခဲ့သည်။
ရန်ကုန်မြို့တွင် ယနေ့(သြဂုတ် ၁၅ ရက်) အောက်တိန်း ၉၂ တစ်လီတာလျှင် ကျပ် ၂၃၂၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၇၃၀ကျပ် နှင့် ပရီမီယံတစ်လီတာလျှင် ၂၆၅၅ကျပ်ဈေးပေါက်သည်။ ထိုဈေးနှုန်းများသည် ရန်ကုန်မြို့တွင်ပေါက်ဈေးများဖြစ်ပြီး ရန်ကုန်ပြင်ပ အခြားမြို့များတွင် ထိုဈေးထက် အနည်းဆုံးနှစ်ဆကျော်ရှိနေသည်။
မန္တလေး၊ မြစ်ကြီးနား၊ မူဆယ်အပါအဝင်မြို့ကြီးအများစုတွင်လည်း စက်သုံးဆီပြတ်လပ်နေသည်။ ရန်ကုန်မြို့တွင် စက်သုံးဆီများကိုအချိန်ကြာမြင့်စွာတန်းစီဝယ်ယူနေရပြီး လိုသလောက်ဝယ်ယူ၍မရကြောင်း မြို့ခံများကပြောသည်။
