မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲခံရသည့်ဖြစ်စဥ် ရဲကြေးနန်းပေါက်ကြားခဲ့၍ စစ်ကောင်စီဌာနစုံမှ ဝန်ထမ်း ၂၀နီးပါး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြော သည်။
သြဂုတ် ၁၃ရက်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်၊ ဘုရားစုရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
အဆိုပါ မိုင်းဆွဲခံရမှုနှင့်ပတ်သက်၍ အစီရင်ခံထားသည့် ရဲကြေးနန်းစာ ပေါက်ကြားခဲ့သဖြင့် မြို့နယ် ပြန်/ဆက်မှ ဝန်ထမ်းများ၊ ရဲစခန်းမှ ရဲများ၊ ထွေအုပ်ရုံးမှ ဝန်ထမ်းများ စုစုပေါင်း ၂၀ ဦးခန့်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း Voice Of Wundwin အဖွဲ့က အသိပေးသည်။

ရဲကြေးနန်းစာတွင် စစ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားထားသည်။ ထို့အပြင် မိုင်းဆွဲခံရမှုကို ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုဟု အဖြစ်မှန်ကိုဖုံးဖိရေးသားကာ အထက်သို့တင်ပြထားသည်ကိုတွေ့ရကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစုက ပြောသည်။
သြဂုတ် ၁၃ရက် နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားစုကျေးရွာနှင့် ဒိုင်ကောင်းကုန်းကျေးရွာကြား ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် သံချပ်ကာသင်တန်းဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၈၀ဝန်းကျင် လိုက်ပါလာသောကားတစ်စီး ပဒေသာမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။
ထိုဖြစ်စဥ်ကြောင့် စစ်အုပ်စုဘက်က လေးဦးသေဆုံးကာ ၁၂ဦးဒဏ်ရာရရှိကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု (wundwin township revolution force )ကထုတ်ပြန်ထားသည်။
