ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ လေးဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)တပ်ရင်း -၁၅ က ယနေ့(သြဂုတ် ၁၄ ရက်) ထုတ်ပြန်သည်။
သြဂုတ် ၁၁ ရက်ကစ၍ စစ်ကောင်စီတပ် အမှတ် (၁၄)တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ ဖရူဆိုမြို့အရှေ့ဘက်ခြမ်းသို့စစ်ကောင်စီတပ် အင်အား (၃၀) ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး လာသည့်အချိန်တွင် KNDF B-15 နှင့် ကရင်နီတပ်မတော်(KA) တပ်မှ ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဘက်မှ တစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့နောက် ယမန်နေ့(သြဂုတ် ၁၃ ရက်) နံနက် ၆ နာရီခွဲခန့်က ဖရူဆိုမြို့ အခြေစိုက် ခမရ (၅၃၁) တပ်မှ စစ်ကောင်စီတပ် အင်အား ၁၅၀ခန့်ဖြင့် ဖရူဆိုမြို့နယ် အရှေ့ဘက် ခြမ်းသို့ စစ်ကြောင်း ထိုးလာသည်ကို KA နှင့် KNDFB-15 တို့မှ ပြန် လည်ခုခံတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ သုံးဦး သေဆုံးပြီး ခဲယမ်းတချို့ ရရှိခဲ့ကြောင်း ဖော်ပြ သည်။

တိုက်ပွဲများအတွင်း KA နှင့် KNDF မှရဲဘော်များ အားလုံးတစ်စုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း အသိပေးသည်။
လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီက စစ်ရေးမြှင့်တင်နေပြီး ဒီးမော့ဆို၊လွိုင်ကော်နှင့် ဖရူဆို မြို့နယ်တို့၌ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။

“ဒီနေ့(သြဂုတ် ၁၄ ရက်) ညနေ ၆ နာရီခွဲလောက်ကစပြီး ဒီးမော့ဆိုမှာ တိုက်ပွဲ ပြင်းထန်နေတယ် “ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက People’s Springသို့ ပြောသည်။
ယခုလ ၇ ရက်ကစ၍လည်း ရှားတောမြို့အ တွင်း ထိတွေ့မှု လေးကြိမ်ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်သား ခုနစ်ဦးနှင့်အထက်သေဆုံးကြောင်း တပ်ရင်း – ၁၇က ထုတ်ပြန်ထားသည်။
ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော်-ဒီးမော့ဆို၊ လွိုင်ကော် – ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို တားမြစ်ထားသည်။
