●စစ်ကောင်စီ၏ဖျက်သိမ်းခံရသောကုမ္ပဏီများအပြင်မိမိအစီအစဥ်ဖြင့်ဖျက်သိမ်းနေသောကုမ္ပဏီများလည်းရှိနေ
စစ်တပ်အာဏာသိမ်းထားမှုကြောင့် ဘက်ပေါင်းစုံအခက်တွေ့နေသဖြင့် ၂၀၂၂ခုနှစ် ခုနှစ်လကျော်အတွင်းကုမ္ပဏီပေါင်း ၃၀၀၀ကျော် မှတ်ပုံတင်ဖျက်သိမ်းခံရကြောင်း ကုမ္ပဏီမှတ်တင်လုပ်ငန်းများ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများမှတာဝန်ရှိသူအချို့ကပြောသည်။
အာဏာသိမ်းပြီးနောက်နိုင်ငံ့စီးပွားရေးကျဆင်းလာပြီး အထွေထွေအကြပ်အတည်းများကြုံနေသောကြောင့် ကုမ္ပဏီများ ရပ်တည်ရန် ခက်ခဲလာပြီး နှစ်ပတ်လည် အစီရင်ခံစာတင်ပြနိုင်ခြင်းမရှိ သဖြင့်စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ပုဂ္ဂလိကကုမ္ပဏီများကို ဖျက်သိမ်းနေခြင်းဖြစ်သည်။


၂၀၂၂ခုနှစ်အတွင်း တစ်လလျှင် ပျမ်းမျှ ကုမ္ပဏီ ၄၀၀ခန့်မှတ်တင်ထားမှုဖျက်သိမ်းနေပြီးယခုဩဂုတ်လလယ်အထိ မှတ်ပုံတင်ဖျက်သိမ်းလိုက်သည့် ကုမ္ပဏီပေါင်း ၃၀၀၀ ခန့်ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောစာရင်းများတွင်ဖော်ပြထားသည်။
People’s Springကကြည့်ရှု့ရသောအဆိုပါ စာရင်းများအရ တစ်ကြိမ်လျှင် ကုမ္ပဏီ ၁၀၀ နှုန်းဖျက်သိမ်းနေပြီးတစ်လလျှင် အနည်းဆုံး ၄ ကြိမ် ကုမ္ပဏီများကိုဖျက်သိမ်းကြောင်းထုတ်ပြန်နေသည်ကို တွေ့ရသည်။ ၂၀၂၂ မေလတွင် ကုမ္ပဏီ ၆၀၀ကျော်ဖြင့် စံချိန်တင်ဖျက်သိမ်းခဲ့သည်ကိုလည်းတွေ့ရှိရသည်။ ထိုဖျက်သိမ်းသောပမာဏာသည် ၂၀၁၇မှ ၂၀၂၀ စက်တင်ဘာလအထိ သုံးနှစ်တာကာလအတွင်းမှတ်ပုံတင်ဖျက်သိမ်းခဲ့သောကုမ္ပဏီအရေအတွက်နှင့်ပင်ညီမျှသည်။
ယခုကုမ္ပဏီများသည် ကုမ္ပဏီဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ကို မဆောင်ရွက်သောကြောင့် စစ်ကောင်စီဦးစီးဌာနက ဖျက်သိမ်းခြင်းဖြစ်သည်။ ထိုအပြင် ကုမ္ပဏီဖျက်သိမ်းခြင်းလုပ်ငန်းစဉ်ကို စစ်ကောင်စီ ညွန်ကြားသကဲ့သို့ အချိန်ယူဆောင်ရွက်နေသည့်ကုမ္ပဏီများလည်းရှိနေသေးကြောင်း ၎င်းကဆက်ပြောသည်။ ထိုကြောင့် ကုမ္ပဏီဖျက်သိမ်းသော၊ဖျက်သိမ်းခံရသောကုမ္ပဏီနှစ်ခုပေါင်းလျှင် အရေအတွက်ပိုများလာမည်ဖြစ်သည်။

မှတ်ပုံတင်ထားသောပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်း ခြောက်သောင်းကျော်ရှိသည်။စစ်တပ်အာဏာမသိမ်းခင်က ဖျက်သိမ်းခံရသည့် ကုမ္ပဏီအရေအတွက်မှာ တနှစ်လုံးတွင်ပင် ၁၀၀ မှ ၃၀၀ခန့်သာရှိသည်ဟုလည်း“ဒီလိုကုမ္ပဏီမှတ်ပုံတင်ဖျက်သိမ်းတာ ဒီနှစ်(၂၀၂၂ခုနှစ်)ထဲမှာ အရမ်းများလာတာ၊ အရင်နှစ်တုန်းက ဒီလောက်ပမာဏကို မရှိဘူး၊ လစဉ်လည်း အခုလို့ ဖျက်သိမ်းရတာမျိုးမရှိဘူး” ဟုကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဖျက်သိမ်းခံရသည့် ကုမ္ပဏီများတွင် ဆောက်လုပ်ရေး၊ ကုန်သွယ်ရေး၊ ပို့ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသဖြင့် လုပ်ငန်းမျိုးစုံပါဝင်သည်ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။
စစ်ကောင်စီ၏ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွန့်ကြားမှုဦးစီးဌာနကမူပြီးခဲ့သည့် ဇူလှိုင်လက ကုမ္ပဏီအသစ်ပေါင်း ၉၀၀ကျော်မှတ်ပုံသည်ဟု ဝါဒဖြန့်ထားသည်။သို့သော် ထိုပမာဏသည် စစ်တပ်အာဏာမသိမ်းခင်ကာလတစ်လ မှတ်ပုံတင်သောနှုန်းနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါးလျော့နည်းနေဆဲဖြစ်သည်။

ထိုအပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ဝန်ကြီးဌာနများနှင့်ဌာနဆိုင်ရာများ၏ တင်ဒါလုပ်များကို လက်ဝါးကြီးအုပ်ရန် စစ်အုပ်စုနှင့် နီးစပ်သူများက ကုမ္ပဏီအမြောက်အမြား ထူထောင်နေကြသည်။ ထိုသို့ စစ်အုပ်စုနှင့်နီးစပ်သူများက တစ်ဦးလျှင် အနည်းဆုံး ကုမ္ပဏီ ၃ခုမှ ၄ခုအထိ အသစ်ထူထောင်နေကြသည်ဟုလည်း ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မူပေးသည့်ကုမ္ပဏီများထံမှသိရသည်။
“အဓိကပညာရေး၊ကျန်းမာရေးအဆောက်အဦးတွေဆောက်ဖို့၊တင်ဒါပြိုင်ကြဖို့နာမည်ပေါင်းစုံနဲ့ကုမ္ပဏီတွေထောင်ကြတယ်။ မိုးဦးကျမှိုတွေလိုဘဲ။ဒါကြောင့်ကုမ္ပဏီအသစ်ထောင်တယ်ဆိုပြီး စာရင်းတွေများလာတာပါ။ တကယ့်စီးပွားရေးလုပ်မယ့်သူတွေမဟုတ်ကြဘူး”ဟု ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မူဆောင်ရွက်ပေးသူတစ်ဦးကပြောသည်။
