ယင်းမာပင်မြို့နယ်ရှိ ရင်ပေါင်တိုင်ကျေးရွာတိုက်ပွဲကို ကူရန်အတွက် စစ်ကောင်စီတပ်က ကလေးမြို့မှတစ်ဆင့် အင်အားအများအပြား ဖြည့်တင်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ရင်ပေါင်တိုင်ရွာတွင် သြဂုတ် ၁၁ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ဆက်လက်ဖြစ်နေပြီး အင်အားဖြည့်တင်းရန်အတွက် ကလေးမြို့မှတစ်ဆင့် စစ်ကောင်စီတပ်သားအများအပြား ပို့ဆောင်နေသည်ဟု ကလေးမြို့ခံများက ပြောသည်။
“ကလေးလေဆိပ်ကို လေယာဥ်တွေ တစ်နေ့ငါးစီး ခြောက်စီးအထိဆင်းတယ်။ ကလေး၊ ဂန့်ဂေါဘက်ကို အများကြီး ပို့နေတယ်။ ကျွန်တော်တို့ သိသလောက် ရင်ပေါင်တိုင်ကနေ ရဲဘော်တွေ(PDFနှင့် မဟာမိတ်များ) ပုံတောင်၊ ပုံညာကတဆင့် ထွက် လာရင် စောင့်ဖို့လို့ ကြားနေရတယ်”ဟု ကလေးမြိုခံတစ်ဦးကပြောသည်။
ယင်းမာပင်နယ်မှတစ်ဆင့် ပုံတောင်၊ပုံညာတောင်ကို ဖြတ်ကျော်ပါက ကလေး-ဂန့်ဂေါနယ်စပ်သို့ ရောက်ရှိ၍ စစ်ကောင်စီက ကြိုတင်နေရာယူထားခြင်းဟု ဒေသခံများက သုံးသပ်နေသည်။
သြဂုတ် ၁၂ရက် ညနေက ကလေးမြို့ လေဆိပ်သို့ စစ်ကောင်စီလေယာဥ်အသေးနှစ်စင်း(ဒေသခံများက VIP လေယာဥ်ဟုဆိုသည်) ဆင်းသက်ခဲ့သည်ဟု သတင်းရရှိသည်။
“ကျွန်တော်တို့ ထင်တာတော့ ရင်ပေါင်တိုင်ရွာနောက်ဆက်တွဲအခြေအနေကို စစ်တပ်က အကောင် ကြီးကြီးတစ်ကောင် လာကိုင်တွယ်တာလို့ထင်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရင်ပေါင်တိုင်ရွာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်နေသည်။
