ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)၏ အထူးကွန်မန်ဒိုသင်တန်း အပတ်စဉ်(၃) သင်တန်းဆင်းပွဲကို ယနေ့(ဩဂုတ် ၁၃ရက်)နံနက်က ကျင်းပခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)က ထုတ်ပြန်သည်။
အဆိုပါ သင်တန်းကို ဇွန်လ ၂၀ရက်မှ စတင်ခဲ့ပြီး အမျိုးသမီး(၉)ဦး၊ အမျိုးသား(၃၆)ဦး သင်တန်းသားစုစုပေါင်း (၄၅)ဦး တက်ရောက်ခဲ့သည်ဟုဆိုသည်။




၂လကြာမြင့်သည့် သင်တန်းကာလအတွင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ၏လမ်းစဉ်၊ ဂျီနီဗာကွန်ဗင်းရှင်း၊ မြို့တွင်းတိုက်စစ် ချေမှုန်းရေးလက်တွေ့၊ စစ်ရေးပြ၊ စစ်ရေးဗျူဟာ၊ လက်တွေ့လက်နက်ငယ်ပစ်ခတ်ခြင်း၊ ပြောက်ကြား စစ်နည်းဗျူဟာများ၊ နိုင်ငံရေးအခြေခံအသိပညာပေးဟောပြော၊ အမျိုးသားနိုင်ငံရေးဦးတည်ချက်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ဒီမိုကရေစီစနစ်၊ ကရာတေး၊ ရှေးဦးသူနာပြုစုနည်းနှင့် ရာထူးအလိုက် တာဝန်ဝတ္တရားများကို သင်ကြားပို့ချခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့ သင်တန်းဆင်းပွဲသို့ ချင်းအမျိုးသားအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး Salai William Chin မှ အဖွင့်အမှာစကားပြောကြားပြီး၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် Salai Peter Thang မှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်ဟုဆိုသည်။

သင်တန်းသားများကလည်း ကရာတေးသရုပ်ပြခြင်း၊ လက်နက်ဖြင့်တိုက်ခိုက်မှု သရုပ်ပြခြင်း တို့ ပြုလုပ်ခဲ့ပြီး ထူးချွန်ဆုများချီးမြှင့်ခြင်း၊ သစ္စာဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
