●ယနေ့ဒေါ်လာဈေး ၂၉၃၀ကျပ်မှ ၃၁၀၀ ကျပ်အတွင်းပေါက်ပြီး ရွှေဈေး ၂၈ သိန်းခွဲကျော်
ဒေါ်လာတန်ဖိုးစံချိန်တင်တက်နေပြီး ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းကာ ငွေတန်ဖိုးကမောက်ကမဖြစ်နေသဖြင့် ရပ်ဆိုင်းရန်စီစဥ်နေသောသောလုပ်ငန်းများပိုများလာသည်ဟုစီးပွားရေးလုပ်ငန်းရှင်များကပြောသည်။
ပြည်တွင်းငွေကြေးဈေးကွက်တွင် ယနေ့( သြဂုတ် ၁၃)ကတစ်ဒေါ်လာလျှင် ၂၉၃၀ ကျပ် မှ ကျပ် ၃၁၀၀ ကျပ်အထိစံချိန်ထပ်တင်လာသဖြင့် ဒေါ်လာဖြင့်ချိတ်ဆက်ရောင်းဝယ်ရသည့်လုပ်ငန်းများလည်း ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ ယနေ့ရွှေဈေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ပြင်ပဈေးကွက်၌ ကျပ်၂၈ သိန်းခွဲအထိဈေးတက်လာသည်။
“နိုင်ငံခြားက ဒေါ်လာနဲ့ သွင်းရတဲ့ ကွန်ပျူတာတို့ ၊လျှပ်စစ်ပစ္စည်းတွေကို ခဏအရောင်းရပ်ထားရတယ်၊ ဒေါ်လာဈေးမငြိမ်တော့ ဘာဆက်လုပ်ရမှန်းမသိဘူး”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိ နိုင်ငံခြားမှ တင်သွင်းရသည့် စားအုန်းဆီအပါအဝင် လူသုံးကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်ရောင်းချနိုင်တော့သည်ဟု အခြားလုပ်ငန်းရှင်များကလည်းပြောသည်။
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှပ်နှံမှု လျော့ကျခြင်း၊ ဒေါ်လာတန်ဖိုးကိုစစ်တပ်ကထိန်းချုပ်ရန် ကြိုးစားရာမှအခြေအနေပိုဆိုးကာ ကမောက်ကမဖြစ်ခြင်း၊မီးပျက်ပြီး စက်သုံးဆီဈေးနှုန်းများကြီးမားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊လာဘ်ပေးလာတ်ယူပြသာနာကြီးမားလာခြင်း ၊စစ်ကောင်စီ၏ တလွဲစီမံမှုများကြောင့် နိုင်ငံစီးပွားရေးအလျင်အမြန် ယိုယွင်းလာခြင်းစသည့်ပြသာနာတို့ကြောင့် လုပ်ငန်းများမလည်ပါတ်နိုင်၍ စာရင်းရှင်းဖြတ်သိမ်းခြင်း ၊ ကုမ္ပဏီဖိက်သိမ်းခြင်း၊လူမွဲစာရင်းခံယူမှုယခုလပိုင်းအတွင်းပိုများလာသောအခြေအနေတွင် ကျပ်ငွေတန်ဖိုး စံချိန်တင်ဖောင်းပွနေပြီး ကမောက်ကမဖြစ်လာသဖြင့် လုပ်ငန်းများရပ်ဆိုင်းရန် စီစဥ်နေသော လုပ်ငန်းများပိုများလာခြင်းဖြစ်သည်။
“ဝယ်လိုအား၊ ရောင်းလိုအား၊ ကျပ်ငွေတန်ဖိုးနဲ့ နိုင်ငံရေးအခြေအနေကို မကြည့်ဘဲ ဒေါ်လာဈေးတက်အောင်လုပ်နေတယ်လို့ သူတို့(စစ်ကောင်စီ)ဘက်က ထင်နေတယ်။ အမှန်က သူတို့ ကျပ်ငွေတွေကို မတရားလှိမ့်ရိုက်ထုတ်နေလို့ အခုလိုဖြစ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဒေါ်လာတန်ဖိုးတက်ပြီး ကျပ်ငွေစံချိန်တင်ဖောင်းပွနေသဖြင့်ပြည်ပပို့ကုန် ပဲမျိုးစုံဈေးများတက်နေသော်လည်း ရောင်းပြီး ကျပ်ငွေကိုင်ထားလျှင် တန်ဖိုးဆက်ကျနေသဖြင့်အရှုံးပေါ်နိုင်သလို ၊ ရွှေ၊ဒေါ်လာ၊မြေဈေးများမှာလည်းတက်နေ၍ ဝယ်ယူရန် မရဲဘဲ ဘာလုပ်ရမည်မသိကြောင်း ပဲအရောင်းအဝယ်လုပ်နေသူတစ်ဦးကလည်းပြောသည်။
“အခုကဘာလုပ်ရမှန်းကိုမသိတော့ဘူး။ရှေ့ဘာဖြစ်မယ်မှန်းလည်း ဘယ်သူမှမသိတော့ဘူး” ဟု ပဲအရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးကလည်း ငြီးညူသည်။
စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ဆီခွဲတမ်းမရတော့ဘဲ ဆီရှားပါးနေချိန်တွင် စစ်ကောင်စီက ဒေါ်လာကိုရသလောက်သိမ်းပြီး စက်သုံးဆီတင်သွင်းသူများကိုရောင်းမပေးတော့သဖြင့် ဒေါ်လာကို ကိုယ့်အစီအစဥ်ဖြင့်ဝယ်ယူလျှင်လည်း မနက်နှင့် ညဈေးပါ ခန့်မှန်းမရအောင်တက်နေသဖြင့်၊ စစ်ကောင်စီက စက်သုံးဆီရောင်းရငွေကို လီတာအလိုက်အခွန်ကောက်ရန်ပြင်ဆင်နေသောကြောင့် အရှုံးခံ၍ ဆီမရောင်းနိုင်သဖြင့် ရောင်းချမှုကို ခေတ္တရပ်ထားကြောင်း ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ)ဟူသောအကြောင်းပြချက်ဖြင့် ကျပ်ငွေ ဘီလီယံ ၄၀၀ကို ထပ်မံရိုက်နှိပ်၍ စစ်ကောင်စီဝန်ကြီးဌာနများနှင့် တိုင်း၊ပြည်နယ်များမှ စစ်ကောင်စီဌာနများကို ပေးအပ်ပြီးဈေးကွက်အတွင်းဖြန့်ချီရန်ဆိုကာကျပ်ငွေဘီလီယံ ၃၃၀ကို သြဂုတ် ၁၂ ရက်တွင်လွှဲပြောင်းပေးအပ်ကြောင်း သတင်းထုတ်ပြန်သည်။ စံချိန်တင်ကျပ်ငွေတန်ဖိုးဖောင်းပွနေချိန်တွင်စစ်ကောင်စီကဘီလီယံရာနှင့်ချီ ထပ်မံရိုက်နှိပ်မှုအပေါ် ပြည်သူများ အံအားသင့်ခဲ့ရပြီးထိုသတင်းကြောင့် ယနေ့ကျပ်ငွေတန်ဖိုးကျဆင်းမှု ပိုမြန်ခဲ့သည်။
ဒေါ်လာနှင့်ရွှေဈေးမှာစံချိန်တင်တက်နေသော်လည်းဝယ်လိုအားများနေကြောင်းငွေလဲလုပ်ငန်းဆောင်ရွက်နေသူများနှင့် ရွှေလုပ်ငန်းရှင်များကပြောသည်။
