●နိုင်ငံတစ်ဝန်းဆီပြတ်လပ်နေ၍ ဈေးထပ်တက်ပြီးဝယ်မရ
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိဆီဆိုင်များကို ယနေ့ (သြဂုတ် ၁၃ )မှစ၍ နေ့စဉ်ဆီရောင်းချမှုနှင့်ဆီလက်ကျန်စာရင်းကို အမိန့်ဖြင့်တောင်းယူ၍အခွန်တိုက်ရိုက်ကောက်ရန်စီစဥ်နေကြောင်းစက်သုံးဆီဆိုင်ပိုင်ရှင်အချို့ကပြောသည်။
“နေ့စဥ်ရောင်းချမှုကို လီတာနဲ့ကောက်ပီး အခွန်ကို စီးဆင်းမှုကို စကစ တိုက်ရိုက်ကိုင်တဲ့ အနေထားမှာရှိတယ်ဗျ ။ရောင်းရတဲ့အပေါ် မူတည်ပီး အခွန်ဆောင်ရမယ်ပေါ့”ဟု နယ်ဒေသမှ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ထိုသို့အခွန်ကောက်ခံမည်ဆိုခြင်း ၊ဒေါ်လာရှားသဖြင့်ဆီဝယ်ရန်ခက်ခဲပြီးဆီလက်ကျန်နည်းခြင်း ၊ငွေဈေးမငြိမ်ခြင်းစသည်တို့ကြောင့် ဆီဆိုင်အများစုက ဆီရောင်းချရခြင်းကို ပိတ်ထားရခြင်းဖြစ်သည်ဟု ဆီလုပ်ငန်းရှင်အချို့ကပြောသည်။

“ဆီဆိုင်တွေမှာ လက်ကျန်စာရင်းတွေကို အရင်ကပေးရတာရှိတယ်။ အခုက အခွန်ပါကောက်မယ်သဘောပြောပြီး ရောင်းရမယ့် ပမာဏတွေကော ကောက်မယ်လို့ပြောနေတယ်”ဟု အခြားဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်းပြောသည်။
စစ်ကောင်စီက တစ်နိုင်ငံရှိ စက်သုံးဆီဆိုင်များ၏ နေစဥ် ဆီအရောင်းအဝယ်နှင့် လင်ကျန်စာရင်းများကို တောင်းယူပြီးဈေးကွက်ကို အမိန့်ဖြင့် ပိုမိုထိန်းချုပ်ရန် သြဂုတ် ၁၁ ရက်ကပြုလုပ်သောအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။သို့သော်အဆိုပါ အစည်းအဝေးမှာ စစ်ကောင်စီ၏ မည်သည့်အဆင့်ပြုလုပ်သည်ဆိုသည်ကိုမူ People’s Spring ကအတည်မပြုနိုင်သေးပါ။

“မန္တလေးက ဆီဆိုင်တွေတော်တော် များများ ပိတ်ကုန်ကြတာက ဒီ အမိန့်နဲ့ ဆိုင်တယ်”ဟု ဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
ထိုအပြင်ဆီဆိုင်များကို ဆိုင်လိုင်စင်သက်တမ်း၊ဆိုင်တွင်ရှိသောဆီလက်ကျန်၊ဝယ်ယူသောကုမ္ပဏီ အမည်၊လီတာဖြင့်ရောင်းရသောပမာဏ ၊ရောင်းပြီးလက်ကျန်ပမာဏ စသည်တို့ကို ဆီအမည်အစားအလိုက် စာရင်းပို့ရန် ဖောင်ပုံစံများကိုပို့ပေးထားကြောင်းလည်းအထက်ပါလုပ်ငန်းရှင်များကပြောသည်။ အဆိုပါဖောင်ပုံစံတွင် ၂၀၂၃ ဇန်နဝါရီမှ ဒီဇင်ဘာဟုရက်စွဲရေးထားပြီး စက်သုံးဆီဈေးကွက်ကိုပိုမိုတင်းကြပ်မည့်အစီအစဥ်မှာ ၂၀၂၃ ခုနှစ်တွင် စတင်ရန်စီစဥ်ထားရာမှ စစ်ကောင်စီက ရှေ့သို့တိုး၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ဟန်တူသည်။
လက်ရှိဆီဈေးကွက်တွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအများစုတွင် စက်သုံးဆီပြတ်လပ်နေပြီး ဝယ်ယူ၍ မရတော့ကြောင်း သွားရောက်ဝယ်ယူခဲ့သောပြည်သူများကပြောသည်။

ယနေ့ (သြဂုတ် ၁၃) စက်သုံးဆီဈေးမှာ ရန်ကုန်မြို့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၃၂၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၃၉၀၊ ပရီမီယံတစ်လီတာလျှင် ၂၇၃၀ကျပ် နှင့် ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၆၅၅ ကျပ်ဈေးပေါက်နေသည်။
ထိုနှုန်းသည် လွန့်ခဲ့သည့် ၅ ရက်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၅၀၀ ခန့်မြင့်တက်လာခြင်းဖြစ်သည်။ ဩဂုတ်၈ ရက်က အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၈၂၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၁၈၈၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၉၀ကျပ် နှင့် ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၀၂၅ကျပ်သာရှိခဲ့သည်။
လက်ရှိတွင် မြန်မာအထက်ပိုင်းမြို့များဖြစ်သည့် မြစ်ကြီးနား၊ မန္တလေး၊ ရှမ်းမြောက်ပိုင်းရှိမြို့များနှင့် ဧရာဝတီတိုင်းရှိမြို့များတွင်လည်း စက်သုံးဆီဝယ်ယူ၍ မရဘဲ ဆီပြတ်လပ်နေသည်ဟု မြို့ခံများကပြောသည်။
ဧရာဝတီတိုင်းရှိ မြို့များဖြစ်သည့် မအူပင်၊ ဘိုကလေး၊ ကျိုက်လတ်၊ ဟင်္သာတ၊ မြန်အောင်ဒ ဝါးခယ်မ၊ ညောင်တုန်းစသည့် မြို့များတွင် စက်သုံးဆီဝယ်ယူ၍ မရတော့ဘဲ ဆိုင်အနည်းငယ်ကသာ အကန့်အသတ်ဖြင့် ဝယ်ယူနေရသည်ဟုဒေသခံများကပြောသည်။
မြစ်ကြီးနားမြို့တွင် စက်သုံးဆီပြတ်လပ်နေသည့်မှာ ဩဂုတ် လဆန်းပိုင်းကစတင်ပြီးဖြစ်သည်ဟု မြို့ခံများကပြောသည်။
“အရင်ရက်က တစ်ဆိုင်၊နှစ်ဆိုင်လောက်က ကားတစ်စီးကို ကျပ်တစ်သောင်းဖိုးလောက်ရောင်းပေးတယ်။ ဆိုင်ကယ်တွေကိုလည်း နှစ်ထောင်ဖိုးလောက်ရောင်းတယ်။ ဒီနေ့တော့ ဘယ်မှ ဝယ်မရတော့ဘူး”ဟု မြစ်ကြီးနားမြို့ခံတစ်ဦးကပြောသည်။
ရှမ်းပြည်မြောက်ပိုင်းမြို့များဖြစ်သည့် ကွတ်ခိုင်၊ မူဆယ်နှင့် လားရှိုးမြို့များတွင်လည်း စစ်ဆိုင်ကြီးများတွင် ဆီပြတ်လပ်နေပြီး အောက်တိန်း တစ်လီတာကို ကျပ် ၅၀၀၀ခန့် အထိမကြုံဖူးအောင်ဈေးတက်နေသည်ဟု ဒေသခံများကပြောသည်။
ရန်ကုန်မြို့တွင်လည်း ဆီဆိုင်အများစုတွင် စက်သုံးဆီဝယ်ယူ၍ မရတော့ဘဲ ဆိုင်အများစုမှာဖွင့်ထားသော်လည်း ရောင်းချရန် ဆီမရှိတော့ဟု ဆိုင်ဝန်ထမ်းများကပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်ချီပေးသူများကမူ ဆိပ်ကမ်းတွင် ဆီသင်္ဘော ၈ စီးခန့်ရောက်နေသည်ဟု လိမ်ညာဝါဒဖြန့်နေသော်လည်း စစ်ကောင်စီဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
