စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ ဒေသခံ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
သြဂုတ်လ၁၁ရက်က ညောင်လှကျေးရွာသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မူးရိုးကုန်းကျေးရွာနေအမျိုးသားတစ်ဦး ထပ်တိုက်တိုးကာ ယင်းအမျိုးသားအား ဆိုင်ကယ်နှင့်လူအား ကြိုးဖြင့်တွဲချည်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ညောင်လှကျေးရွာနေ အခြားအမျိုးသားတစ်ဦးကိုလည်း ယဥ်ကျေးရွာအနောက်တောလမ်းတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၃ရက်မှစတင်ကာ ဘုရားထွက်၊ အင်ပင်-ယဒင်၊ နဂါးဘို မြင်းတန့်၊ လျှော်ဖြူ၊ ကိုင်းကံနှင့် လက်လှုပ်ရွာများအား စစ်ကြောင်းထိုးခဲ့ပြီး ၎င်းကျေးရွာများမှ ဒေသခံ ပြည်သူ ၅၀ကျော်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း၊ ယနေ့အထိပြန်မလွှတ်ပေးသေးဘဲ ရေဦးမြို့သို့ ခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။


အာဏာသိမ်းကာလတစ်လျှောက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ (၃၀) ကျော်မှ ပြည်သူ့နေအိမ် ၁,၅၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။
ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။
