ပြည်သူများ အသွားအလာဂရုစိုက်ကြရန် သတိပေး
ရေဦး – ခင်ဦး လမ်းပိုင်းတွင် ယနေ့ ခရီးသွားလာမှုများ ဂရုစိုက်ကြရန်နှင့် နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်၍ ဒေသခံအမျိုးသမီးနှစ်ဦး သေနတ်ကျည်ထိမှန် ထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။
ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၁၃ရက်) နံနက် ၆နာရီဝန်းကျင်တွင် စစ်ကြောင်းစတင်ထိုးစဥ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
” မူးတိမ်ချောင်တံတားနားမှာ မိုင်းဆွဲခံရပြီး ရမ်းသမ်းပစ်တာ။ လယ်တောကို ဆင်းမယ့်အမျိုးသမီးနှစ်ယောက် သေနတ်ဒဏ်ရာရသွားတယ်။ အဲ့ဒီနှစ်ယောက်အခြေအနေကို ကျတော်တို့ မသိရသေးဘူးဖြစ်နေတယ်” ဟု ဒေသပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ရေဦးမြို့တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တွင် ကားငါးစီးပါဝင်ပြီး ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။
ရေဦး-ခင်ဦးလမ်းတစ်လျှောက်တွင် ကင်းပုန်းချထား၍ ဒေသခံများ သတိပြုကြရန် သတိပေး ထားသည်။
ခင်ဦးမြို့နယ် မကျည်းအုပ်ကျေးရွာတွင် သြဂုတ် ၁၁ရက်ကလည်း စစ်ကောင်စီက ပစ်ခတ်၍ အမျိုးသမီးနှစ်ဦး သေနတ်ကျည်ထိမှန်ခဲ့သည်။
