နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဝန်ကြီးချုပ်ဟုသုံးနှုန်းလိပ်မူ၍ရေးသောစာအပေါ် အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က ညတွင်းချင်းကန့်ကွက်စာ ထုတ်ပြန်ကာ မြန်မာပြည်သူလူထုကို တောင်းပန်ရန် တောင်းဆိုလိုက်သည်။
နယူးယောက်၌ကျင်းပမည့်ကုလသမဂ္ဂပညာရေးအသွင်ကူးပြောင်းခြင်းညီလာခံမတိုင်မီAmnesty International၊ Human Rights Watch၊ Save the Children အပါအဝင် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်း ၁၂ ဖွဲ့က အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ လိပ်မူကာ ‘နိုင်ငံတော်ဝန်ကြီးချုပ်’ ဟု သုံးနှုန်းဖော်ပြခြင်းအပေါ် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၃၈၆ ဖွဲ့က အပြင်းအထန်ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ NGO ၁၂ ဖွဲ့၏ ပေးစာ၌ အကြမ်းဖက်စစ်ကောင်စီခန့်ဝန်ကြီးများကိုလည်း နိုင်ငံခြား ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးစသဖြင့် နာမည်နှင့်တကွ တရားဝင်အစိုးရတရပ် သို့မဟုတ် အစိုးရ အဖွဲ့ဝန်ကြီးများသဖွယ် ဖော်ပြထားသည်။
ယင်းပေးစာသည် လူမဆန်သော တရားမဝင်အာဏာသိမ်းမှုမှတဆင့် မြန်မာစစ်တပ်၏ အာဏာသိမ်းရန်ကြိုးစားမှုကို ဘ၀များစတေးခံခုခံနေသော မြန်မာပြည်သူလူထုကို စော်ကားလိုက်ခြင်း ဖြစ်ပြီး စစ်ကောင်စီသည် တရားဝင်အစိုးရမဟုတ်သကဲ့သို့ အစိုးရ၏ အဓိကလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကိုလည်း ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၄၀၀ နီးပါး၏ ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

မင်းအောင်လှိုင်နှင့် ၎င်း၏ စစ်ဗိုလ်ချုပ်လူသတ်အဖွဲ့သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ပြည်သူ ၂၁၈၉ ဦးကို သတ်ဖြတ်ခဲ့ကာ ၁၂၀၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားသည်။
NGO ၁၂ ဖွဲ့၏ ပေးစာမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်များကို အခြေခံဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံသို့သာ လိပ်မူပေးပို့သင့်ကြောင်းပူးတွဲကြေညာချက်၌ တိုက်တွန်း ထားသည်။
သို့သော် NGO ၁၂ ဖွဲ့၏ ပေးစာနှင့်ပတ်သက်၍ ယင်း ၁၂ ဖွဲ့တွင်ပါဝင်သော အဖွဲ့အစည်းအချို့က ပေးစာသည် ‘စီမံခန့်ခွဲရေးမှားယွင်းမှု’ ဖြစ်ပြီး စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမဟုတ်ကြောင်းနှင့် မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ထုတ်ပြန်သည်။

Human Rights အဖွဲ့က ပေးစာနှင့်ပတ်သက်၍ ၎င်းတို့အဖွဲကို အသိပေးခြင်း၊ သဘောတူညီ ချက် ရယူခြင်းများ မရှိကြောင်းနှင့် မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ပြီးခဲ့သည့် နာရီ ပိုင်းတွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ Save the Children ကလည်း Human Rights Watch မှထုတ်ပြန်သော NGO ပူးတွဲစာလွှာတစ်စောင်တွင် သဘောထားခွင့်ပြုချက် တစ်စုံတစ်ရာ ရယူခြင်း၊အသိပေးအကြောင်းကြားခြင်းမပြုဘဲ ၎င်းတို့ အဖွဲ့အစည်းအမည်နာမအား ထည့်သွင်းအသုံးပြုထားပြီး Human Rights ၏ ကန့်ကွက်ချက်အတိုင်း တောင်းပန်ထားသည်။

အဆိုပါစာအပေါ် အပြင်းအထန်ကန့်ကွက်ခဲ့သော အဖွဲ့အစည်း ၃၈၆ ဖွဲ့မှတစ်ဖွဲ့ဖြစ်သော Progressive Voice ၏ တည်ထောင်သူနှင့် ဥက္ကဌဖြစ်သော ဒေါ်ခင်ဥမ္မာက “INGO တွေရဲ့ စာက အတုမဟုတ်ပါဘူး… အဖွဲ့ကြီးတွေမို့ မဖြစ်နိုင်ဘူး စာက fake လို့ ထင်သူတွေရယ်… တချို့တွေလည်း သူတို့ဖက်ကဖော့တွေးပေးနေသူတွေရယ် အပြန်အလှန်ရေးနေတာတွေ့နေရလို့ ဖလှယ်တာပါ…. နိုင်ငံတကာ အဖွဲ့ကြီးတွေ လူ့အခွင့်အရေး ခလေးအခွင့်အရေး ပညာရေးလုပ်တယ်ဆိုတော့ ကိုယ့်ဖက်က မိတ်ဖက် အဖွဲ့တွေဆိုတော့ တန်းတွေးကြတာ မဖြစ်နိုင်ပါဘူးပေါ့… ။စာက အစစ်ပါ… ။ ဒါဆို ဘာကြောင့်ဒီလိုဖြစ်သွားရတာလဲ သိချင်ကြမယ်… ဒါကတော့ သူတို့ရှင်းရမဲ့ကိစ္စဘဲ… နားထောင်ကြည့်တာပေါ့.. ဆွေးနွေးစရာရှိဆွေးနွေးတာပေါ့…။ ဒါပေမဲ့ ကျမတို့တွေ သေချာရပ်တည်ရမှာက ကျမတို့နိုင်ငံပြည်သူတွေ ကြုံနေရတဲ့ပြသနာကို နိုင်ငံတကာက (ဒီလို INGO ကြီးတွေ အပါအဝင်) အရင်တိုင်းဘဲ အရင်လိုဘဲ (business as usual) လို့ သဘောထား ဆောင်ရွက်နေတာတွေ… ပေါ်သွားတော့မှ သူ့အပြစ် ကိုယ့်အပြစ် လက်ညှိုးထိုး သူလက်ရှောင်ကိုယ်လက်ရှောင်လုပ်တာတွေ လက်မခံဖို့ရယ်… သူတို့ကိုလည်း တာဝန်ယူတာဝန်ခံမှု ဖြစ်အောင် (အထူးသဖြင့် လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့အပေါ် ) ကျမတို့ဖက်က သတိပေးစရာရှိပေး မေးစရာရှိမေး ဝေဖန်စရာရှိဝေဖန်ထောက်ပြဖို့ အားနာစရာမလိုဘူးဆိုတာဘဲ…။ “ဟု ဖေစ်ဘွခ်တွင်ရေးသားထားသည်။
ထို့အပြင် ဆက်လက်၍လည်း”တကယ်လို့များ ကျမတို့ ဒီစာကို မရခဲ့ရင် … ဘာဖြစ်သွားမလဲ? ။မအလ နဲ့ အကြမ်းဖက် စကစကို သူတို့အဖွဲ့တွေက နိုင်ငံရေးအရ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရလို့ အသိအမှတ်ပြုပေးလိုက်တဲ့အခြေအနေကို ရောက်သွားမယ်… ။သူတို့က ကျမတို့ကိုတောင် ပြန်ကျေးဇူးတင်ရမှာ… ။ဘာကြောင့်ဘဲ လွဲသွားမှာသွားခဲ့ပါစေ… ပြန်ရှင်းပြ တာဝန်သိ/တာဝန်ယူမှုနဲ့ တုန့်ပြန်ပေးရမှာ သူတို့တာဝန်ပါ….။” ဟုရေးသားထားသည်။
