●စစ်ကောင်စီတပ်ကပျူများကိုပါ ယနေ့ ညနေတွင်ရဟတ်ယာဥ်ဖြင့်ပို့၍အင်အားထပ်ဖြည့်
●သြဂုတ်၁၁ ရက်စီးနင်းမှုတွင်PDF နှင့်ဒေသခံအချို့ကျဆုံး၊ဒဏ်ရာရပြီး လက်နက်ခဲယမ်းအချို့ဆုံးရှုံး
●ပိတ်မိနေသောPDFများပြန်လည်ဖောက်ထွက်နိုင်ခဲ့ပြီး ၊နှစ်ဖက်စစ်ရေးတင်မာနေ
စစ်ကောင်စီတပ်က ရဟတ်ယာဥ်များအသုံးပြု၍ စီးနင်းခဲ့သော စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် ရောက်နေသော စစ်တပ်ကိုယနေ့(သြဂုတ် ၁၂) PDFများက တိုက်ခိုက်ခဲ့ကြောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးဖွဲ့အချို့မှ တာဝန်ရှိသူနှစ်ဦးကပြောသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက်စစ်ကောင်စီတပ်က ယနေ့ညနေတွင် အင်အားထပ်မံဖြည့်တင်းနေပြီး တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်းလည်းဒေသခံ PDFအဖွဲ့ တစ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ယမန်နေ့( သြဂုတ် ၁၁ )ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က ရင်ပေါင်တိုင်ရွာနှင့် အနီးရှိရွာအချို့ကိုတိုက်ခိုက်ရေးရဟတ်ယာဥ်နှစ်စင်း ၊ထောက်ပို့ယာဥ်တစ်စင်းဖြင့် အကြမ်းစစ်ကောင်စီတပ်မှ အင်းအား (၁၅ဝ)ခန့်ကို ရဟတ်ယာဥ်များဖြင့် ချပေးကာ ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူများကပြောသည်။ထိုအပြင် ထောက်ပို့ရဟတ်ယာဥ်တစ်စီးဖြင့်လည်း စစ်ကောင်စီတပ်သားများကို ထပ်မံအင်အားဖြည့်ခဲ့သည်။

အဆိုပါစီးနင်းခံရမှုတွင် PDFအချို့နှင့်ပြည်သူအချို့သေဆုံးထိခိုက်ဒဏ်ရာရနိုင်ပြီး လက်နက်အချို့ဆုံးရှုံးခဲ့ရကြောင်း ဒေသ PDF တာဝန်ရှိသူက ပြောသည်။ထိုကြောင့် ရင်ပေါင်တိုင်သို့ရောက်နေသည့်စစ်ကောင်စီတပ်ကိုယနေ့(သြဂုတ် ၁၂) မွန်းလွဲပိုင်းတွင် ဒေသခံ PDFပူးပေါင်းအဖွဲ့များကပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
“နေလည်ခင်း နဲ့ ညနေစောင်းဘက်မှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်တော့ ဟိုဘက်(စစ်ကောင်စီ)က အထိအခိုက်ကိုတော့ အခြေအနေမသိရသေးဘူး။ ကိုယ့်ဘက်က ရဲဘော်တစ်ယောက်တော့ မစိုးရိမ်ရတဲ့ ထိခိုက်မှုရှိတယ်။ အနေအထားက ကျွန်တော်တို့ ဒီဘက်ခြမ်းကို အရှိန်အဟုန်ကြီးကြီးနဲ့ စစ်ကြောင်းထိုးမယ့် သဘောလို့ ယူဆတယ်” ဟု ဒေသ PDF တာဝန်ရှိသူတစ်ဦးက People’s Springသို့ပြောသည်။
ထိုအပြင်ယနေ့ ညနေ ၆နာရီခန့်တွင် စစ်ကောင်စီတပ်ကရဟတ်ယာဥ် ၂ စင်းဖြင့်ထပ်မံအင်အားဖြည့်နေသည်ဟုသိရသည်။
“ပုလဲမြို့နယ် ဇီးဖြူကုန်းက ပျူတွေကို သယ်ပြီးတော့ ရင်ပေါင်တိုင်နဲ့နီးတဲ့ ပုလဲမြို့နယ်ထဲကပဲ ပုဗ္ဗကျေးရွာ ခေါင်းရင်းကို ထောက်ပို့ ရဟတ်ယာဉ်နဲ့ ခေါက်တုံ့ခေါက်ပြန်သယ်ပို့နေတယ်။” ဟု ဒေသခံ PDF တာဝန်ရှိသူက ပြောသည်။
ထိုသို့ပို့ဆောင်ရင်းစစ်ကောင်စီကတိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်း ပြုလုပ်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
သို့သော်စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းစဉ်ပိတ်မိနေသည့် ဒေသခံ ပြည်သူများ ယနေ့မနက်တွင် ရှောင်တိမ်းနိုင်ခဲ့ပြီး ပိတ်မိနေသည့် PDF ရဲဘော် ၃၀ ခန့်လည်းလွတ်ကင်းရာသို့ ထွက်နိုင်ခဲ့သည်ဟုလည်းPDF အချို့ကပြောသည်။
▪︎သြဂုတ် ၁၁ ရက်ကရင်ပေါင်တိုင်ရွာမှာဘာဖြစ်ခဲ့တာလဲ
ဩဂုတ် ၁၁ရက် မွန်းလွဲ ၃နာရီခန့်တွင်စစ်ကောင်စီတပ်၏တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်း၊ထောက်ပို့ရဟတ်ယာဉ် ၁စင်းတို့ဖြင့် အကြမ်းဖက်စစ်သားအင်အား (၁၅၀)ခန့်အသုံးပြု၍ တစ်ပြိုင်တည်း ရင်ပေါင်တိုင်ရွာအား လျှပ်တပျက်တိုက်ခိုက် စီးနင်းခံခဲ့ရသည်။ထိုအပြင်ထောက်ပို့လေယာဉ်ဖြင့်လည်းစစ်သားများကို ထပ်မံပို့ဆောင်ခဲ့ကြောင်းသိရသည်။
“အဲဒီမှာ ကျဆုံးမှုဆိုတာကတော့ အရပ်သားတွေ ကလည်း ဘာမှ ရှောင်ချိန်တိမ်းချိန်မရဘူး။ အရပ်သားတွေထဲက ကျဆုံးမှုတွေလည်း ဖြစ်နိုင်တယ်” ဟုဒေသခံ PDFအဖွဲ့တစ်ဖွဲ့မှတာဝန်ရှိသူကပြောသည်။
PDF ၁ ဦးကျဆုံးပြီး ၇ ဦးကျော်ဒဏ်ရာရရှိကာ ၊ တစ်ဦးမှပြင်းထန်ကြောင်းဒေသခံအချို့ကပြောသည်။ထိုအပြင်ကျေးရွာသားအချို့လည်းသေဆုံး ဒဏ်ရာရရှိမှု ရှိနိုင်ကြောင်းဒေသခံအချို့ကဆက်ပြောသည်။ကျဆုံး ၊ဒဏ်ရာရမှုအခြေအနေများကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
“သူတို့(စကစတပ်)က အဖွဲ့တစ်ဖွဲ့ကို သတင်းအတိအကျရလို့ လာတဲ့ သဘောမျိုးလို့ယူဆတယ်။ ပြီးတော့နယ်မြေခံဒလန်လည်း ပါမှာပေါ့။ လေကြောင်းကအရင်ပစ်ပြီး လူတွေလည်းချပေါ့။ အဲဒီလုပ်ပြီးတော့မှ စစ်ကြောင်းထိုးလာတာဗျ”ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော Myanmar National Armed Force -MNAF မှ ဗိုလ်ရောင်နီက လူထုနွေဦးသတင်းဌာနသို့ပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောဆိုမှုအရ လက်နက်သယ်ယူရန်လာသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ရင်ပေါင်တိုင်သို့ရောက်ရှိနေချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းပစ်ကူအပါအဝင် ပျူစောထီးပူးပေါင်းအင် အားများဖြင့် မြေပြင်စစ်ကြောင်းထိုး၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဒလန်သတင်းပေး တော်တော်တိတိကျကျ ပေးလို့ဖြစ်မယ်။ အဲဒါ နမခဘက်က လျှပ်တပြတ် တက်လာပြီးတော့ ဝင်ပစ်တာ” ဟု အခြား PDF အဖွဲ့တစ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကလည်း People’s Spring ပြောသည်။
ယင်းမာပင်နယ်သည် လွတ်မြောက်နယ်မြေကဲ့သို့ နေထိုင်ကြပြီး သတင်းချိတ်ဆက်မှု အားကောင်းသည့် အနေအထား ဖြစ်သော်လည်း ယခုကဲ့သို့ လေကြောင်း မှ လျှက်တပြတ် ဝင်ရောက်တိုက်ခိုက်ခံရသည့်အပေါ် အားမရဖြစ်မိသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ကိစ္စတစ်ခုဖြင့် ရင်ပေါင်တိုင်သို့ ရောက်ရှိနေသော MNAF တပ်ဖွဲ့မှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှစ်ဦးနှင့် အရာရှိအပါအဝင်ရဲဘော်အချို့မှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပက်ပင်းတိုး၍ ပစ်ခွာခွာခဲ့ရာ ဒုတပ်ရင်းမှူးနှင့်အတူရှိနေခဲ့သော ရဲဘော်နှစ်ဦး ဖမ်းဆီးခံရနိုင်ခြေရှိနေကြောင်း ဗိုလ်ရောင်နီကလည်းပြောသည်။
အကြမ်းဖက်စစ်တပ်က သြဂုတ် ၁၁ ရက်တစ်ညနေလုံးရင်ပေါင်တိုင်ရွာအား လေကြောင်းပစ်ခတ်မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အပြင် အနီးဝန်းကျင် တစ်မိုင်ပတ်ချာလည်မှ ဆင်တဲ၊ ညောင်ကိုင်း၊ သာစည်၊ ပုထိုးသာအပါအဝင် ကျေးရွာ (၁၀)ရွာထက်မနည်းကို လေကြောင်းမှ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
အဆိုပါစီးနင်းတိုက်ခိုက်မှုတွင်ရွာခံပြည်သူအများအပြားလည်း ပိတ်မိနေခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။
“မိန်းကလေးတချို့ ပြန်လွှတ်ပေးပြီးယောက်ကျားလေးတွေကို ဖမ်းထားတယ်လို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ခဲယမ်း များ ဆုံးရှုံးမှု ရှိကြောင်းလည်းအထက်ပါတာဝန်ရှိသူများကပြောသည်။
▪︎စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေကဘယ်လိုဖော်ပြလဲ
စစ်ကောင်စီဝါဒဖြန့်မီဒီယာများ၏ ဖော်ပြချက်အရ PDF တပ်ဖွဲ့ဝင်များ ရင်ပေါင်တိုင်သို့ ရောင်ရှိနေသည်သတင်းရ၍ လေးကြောင်းပစ်ခတ်မှုအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ကြောင်း၊PDF တပ်ဖွဲ့ဝင် ခုနစ်ဦးအသေရရှိကြောင်းနှင့် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိသည်ဟုဖော်ပြနေသည်။
▪︎ဘယ်လိုသင်ခန်းစာယူမလဲ
နောင်တွင် တော်လှန်ရေးနှင့်ပတ်သက်သည့် လူစုလူဝေး လုပ်မည်ဆိုပါက ယခုကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများ ကြုံရနိုင်သည့် အပေါ် ကြိုတင်ပြင်ဆင်စီစဉ်ထားရန်လိုအပ်ကြောင်း ယင်းမာပင်နယ်ခံ PDFတစ်ဦးက အကြံပြုသည်။ ထို့ပြင် ကျေးရွာလူထုနှင့် လွတ်ကင်းသည့် တစ်နေရာရာ၌ လုပ်ဆောင်သင့်ကြောင်းလည်း ၎င်းကပြောသည်။
“အဲဒီမှာဘာကြောင့် ဒီလိုမျိုး တေ့တေ့ဆိုင်ဆိုင်အပစ်ခံရသလဲ။ ဥပမာဆိုပါစို့ နမခကနေလေယာဉ်တောင်ပံခပ်ပြီဟေ့ဆိုရင် မြေကြီးနဲ မလွတ်ခင်ကတည်းက သတင်းက အရင်ရောက်တာလေ။ အဲဒီ အနေအထားမျိုး သတင်းရနေတာကို သူတို့က ရှောင်ချိန်တိမ်းချိန်ကတကယ်တန်းလှုပ်ရှားတဲ့အဖွဲ့တွေကသတင်းရရှိမှုနောက်ကျသလားသို့မဟုတ်လျှော့တွက်သလား အဲဒါလေးတစ်ချက်တော့ စိတ်ထဲ အားမလိုအားမရ ဖြစ်မိတဲ့အတိုင်းအတာတော့မြင်တယ်” ဟုPDF တစ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကလည်းပြောသည်။
ထိုအပြင် စစ်ရေးအရ အရေးကြီးသည့် အခြေအနေတွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိအသုံးပြုနေသည့်လက်နက်အခြေနေနှင့်ပတ်သက်ပြီး လိုအပ်သည်ထက်ပိုမို ထုတ်ဖော်ပြောဆိုမှုများမပြုလုပ်ရန်လည်းအဆိုပါဒေသခံPDFတာဝန်ရှိသူတစ်ဦးက အကြံပြုသည်။ ပြီးခဲ့သည့်ရက်ပိုင်းကကာကွယ်ရေးဝန်ကြီးဌာနကလေကြောင်းအန္တရာယ်ကာကွယ်ရေးလက်နက်မှာစတင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်းအသိပေးခဲ့သည့်အပေါ် နမူနာပေး၍ယခုကဲ့သို့အကြံပြုတိုက်တွန်းခြင်းဖြစ်သည်။
“အကြီးပိုင်း ပုဂ္ဂိုလ်တွေကပဲဖြစ်ဖြစ် ဒါမှမဟုတ်လို့ရှိရင် တပ်ရင်းတပ်ဖွဲ့တွေကပဲ ဖြစ်ဖြစ် လက်နက်နဲ့ ပတ်သတ်တဲ့အရာတွေ အမှန်တကယ်က ထုတ်ပြောတာ မကောင်းဘူးလို့ထင်တယ်။
ကိုယ့်မှာရှိတာကို မသိထားလေ ကိုယ့်ဘက်က အသာစီးရဖို့အတွက် တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းများလေလို့ ယူဆတယ်” ဟု ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
