ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ကျရောက်သော ကရင်အာဇာနည်နေ့၌ သဝဏ်လွှာပေးပို့သည်။


ယနေ့(ဩဂုတ် ၁၂ ရက်)သည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ ကရင်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့ ဖြစ်ပြီး ကရင်လူမျိုးတို့၏ သမိုင်းနှင့် ကရင်တော်လှန်ရေး သမိုင်းတွင် မေ့ပျောက်၍မရသော အောက်မေ့ဖွယ်နေ့ရက်ဖြစ်ကြောင်း ဖော်ပြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်မှစ၍ လက်ရှိ နွေဦးတော်လှန်ရေးအထိ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်လျက်ရှိသည့် KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူကြောင်းလည်း NUG က ဖော်ပြသည်။




NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကရင်အာဇာနည်နေ့သို့ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့သည်။
စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရသည့် ဒုက္ခများ ပြေလည် စေရန်ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန် ကြီးဌာနက ဖော်ပြသည်။
