ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အပါအဝင် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ရုံးထိုင်ရာ ဓမ္မာရုံအား ယမန်နေ့ ညပိုင်းတွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၃) တပ်စု (၁) နှင့် YUGA (MO-7 Eagles) တို့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YUGAက ယနေ့ (သြဂုတ် ၁၁) ၌ ထုတ်ပြန်သည်။
ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် ပါးစေ အဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ပြီး ထိခိုက် သေဆုံးစာရင်းကိုမူ အတိအကျ မသိရသေးကြောင်း YUGA က ဖော်ပြထားသည်။
ယမန်နေ့ ညပိုင်း ၇ နာရီကျော်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၇) ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက် ဓမ္မာရုံအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ အပေါင်းအပါ လူသုံးဦး ထိခိုက်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
” မနေ့က ဓမ္မာရုံမှာ ရပ်ကွက်ရုံးက လူတွေ ထိုင်နေတဲ့အချိန် ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ အုပ်ကြီးတို့ အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက် အပါအဝင် သုံးယောက်ထိတယ် လို့တော့ ကြားပါတယ်။ အဲဒီ့မှာက ရပ်ကွက်ရုံးက လူတွေပဲ ထိုင်ကြတာ များပါတယ်။ လူနာတင်ကားတွေ လာခေါ်သွားတာလည်း တွေ့လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်၌ ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်စဥ်တွင် ရုံးထဲ၌ အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများ ရှိနေခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဗုံးစမှန်၍ ခြေထောက်ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။
