အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးစဥ် ပြည်သူ့ထံမှ သိမ်းဆည်းသွားပြီးနောက် ကျကျန်ခဲ့သည့် လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည် အပ်နှံမည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာသည်။
အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့ပြီးနောက် ယမန်နေ့(သြဂုတ်လ၁၀ရက်) နံနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
၎င်းတို့ ဆုတ်ခွာသွားသည့်လမ်းအား အရာတော်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်များက နယ်မြေရှင်းလင်းလုံခြုံရေးလုပ်စဥ် လက်ဝတ်ရတနာပစ္စည်းတစ်ခုကို တွေ့ရှိ၍ အခြား တွေ့ရှိသော ပစ္စည်းများနှင့်အတူ မှတ်တမ်းတင်သိမ်းဆည်းထားကြောင်း အရာတော် ပ.က.ဖ အဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်သားများ ခိုးယူလာခဲ့သော ၎င်း လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည်အပ်နှံလို၍ ပိုင်ဆိုင်ခဲ့သော အထောက်အထားပြနိုင်ပါက အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ Facebook စာမျက်နှာနှင့် အရာတော် ဒေသခံတော်လှန်ရေး အဖွဲ့အစည်းများသို့ ဆက်သွယ်ပေးပါရန် အရာတော် ပ.က.ဖ အဖွဲ့က အသိပေးသည်။
အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ကအထိ အရာတော်နှင့်ဒီပဲယင်းနယ်စပ်ကျေးရွာများကို စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ပြုလုပ်သွားခဲ့သည်။
