ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် နှင့် ၎င်း၏ ကိုယ်ရေးအရာရှိ အပါအဝင် ၈ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလန်း(PDF-Zoland)က ယနေ့ ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။
မြန်မာ- အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF Zoland၊ MEDF ၊CDF-CDM (Siyin)၊ CNDF တို့ပူးပေါင်း၍ ယနေ့မနက်အစော ၂နာရီတွင် တိုက်ခိုက်ခဲ့ရာ ၅နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၄ဦး ထွက်ပြေးလာခဲ့သည်ဟု PDF- Zoland က သတင်းထုတ်ပြန်သည်။
တိုက်ပွဲအတွင်း ပြည့်သူ့ကာကွယ်ရေးတပ်သား PDF Zoland မှ တစ်ဦး၊ CDF-CDM (Siyin) မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်ရာ ဒေသတွင်းရှိ ပြည်သူ ၃ဦး ထိမှန်ခဲ့ပြီး ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်ပျံဝဲလာ၍ ပြည်သူ့ကာကွယ်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းကို လွန်ခဲ့သည့် ၄ရက်မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့၏ drone တပ်ရင်းမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီတပ်က သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိကြောင်း ဖော်ပြထားသည်။
