အောင်ဇေယျ၊ နွေးနွေး
ဘုန်းကြီးကျောင်းအတွင်းရုတ်တရက်ပေါက်ကွဲသံကြီးကြားရပြီး စာသင်နေသော ဆရာတစ်ဦးနှင့်ကလေးနှစ်ဦးမလှုပ်နိုင်တော့ပေ။ကျန်ကျောင်းသားငယ်လေးများက ကမ္ဘာပျက်သည့်အလားဆောက်တည်ရာမရအော်ဟစ်ပြေးလွှားနေသည်။
ကလေးနှစ်ဦးက ” ဆရာဖိုးရေ ကျွန်တော်တို့ကို ကယ်ပါဦး”ဟုအော်ဟစ်သည်။
ဆရာမှာလည်း လက်နက်ကြီးထိမှန်သွား၍ မထနိုင်တော့။ “ဆရာလည်း ထလို့မရတော့ဘူး ငါ့တပည့်တို့ရေ။”ဟုသာပြန်အော်နိုင်သည်။
ကလေးငယ်များသည် ပြေးမိပြေးရာထပြေးချိန် လက်နက်ကြီးကျည်တစ်ခု ထပ်မံကျရောက်လာကာ စာသင်ဆောင်အတွင်း မွစာကြဲသွားခဲ့လေသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းကစစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာ၊ ဓမ္မရံသီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအတွင်း၌ ကျေးရွာဒေသခံများနှင့် CDM ဆရာ၊ ဆရာမများက ဦးစီး၍ ရွာခံကလေးငယ်များအားယဉ်ကျေး လိမ္မာသင်တန်းဖွင့်၍ စာသင်ပေးနေသည်။ နေ့လယ် ၁ နာရီခန့်တွင် တစ်ထပ်စာသင်ကျောင်းခေါင်မိုးအပေါ် ဝေဟင်ထက်မှ ရဟတ်ယာဥ်အသံများ ရုတ်တရက်ထွက်ပေါ်လာပြီးနောက် တစ်ဒိုင်းဒိုင်းတစ်အုန်းအုန်းပစ်ခတ်သံများထွက်ပေါ်လာကာလက်နက်ကြီးကျည်တစ်ခု စာသင်ဆောင်ထဲ အုန်းခနဲကျရောက်လာသည်။ ထင်မှတ်မထားသည့်အချိန် ကြုံလိုက်ရ၍ဆရာ၊ဆရာမနှင့်ကလေးငယ်များပြင်ဆင်ချိန်မရတော့ဘဲထိမှန်ပြီး စာသင်ခန်းအတွင်းကမ္ဘာပျက်သွားသောမြင်ကွင်းကိုမြင်တွေ့လိုက်ရသောဒေသခံအချို့က ပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးကျည်ကြောင့် ကျောင်းအမိုးသွပ်ပြားတစ်ချပ် လန်ထွက်သွားသည်။ စာသင်ဆောင်အဝင် အုတ်တိုင် ခါးအလယ်က ပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။စာသင်ပုန်းမလုပ်နိုင်၍ ကျောင်းနံရံပေါ် စာသင်ပုန်းပုံစံ ဆေးအမည်းသုတ်ထားသည့် နံရံကြီးမှာလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ဟောင်းလောင်းပေါက်သွားသည်။
ဘုန်ကြီးကျောင်းအတွင်းယဥ်ကျေးလိမ္မာသင်တန်းဖွင့်ကာ စာသင်နေချိန်တွင်စစ်ကောင်စီတပ်သည် Mi 35 နှစ်စီးဖြင့် ရဟတ်ယာဥ်ဦးခေါင်း အောက်စိုက်ကျသည်အထိပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထိုအချိန်တွင်အဆောင်ထဲ၌ ကလေးသူငယ်ပေါင်း၂၀ ထက်မနည်းရှိနေခဲ့ပြီး စစ်ကောင်စီတပ်ကရည်ရွယ်ချက်ရှိရှိဖြင့် ၄၅ မိနစ်ကြာ စာသင်ကျောင်းကို ပစ်မှတ်ထားပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးငယ်များ၏ စာသင်ခန်းဆောင်အတွင်း၌ သွေးစွန်းကုန်သည်။ အခင်းဖြစ်နေရာမှာတင် ကလေးငယ်လေးဦးထက်မနည်း ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထိုအပြင်စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းသို့ပါ ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ငါးဦးထက်မနည်း ထပ်မံသေဆုံးခဲ့ပြန်သည်။ သေဆုံးသူများထဲတွင် အကြမ်းဖက် စစ်တပ်၏ လေယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် အင်ပင်ကျေးရွာ မှ တံငါလုပ်ငန်း လုပ်ကိုင်နေသော သားအဖ နှစ်ဦးအနက် အသက်၁၃ နှစ်အရွယ် သားဖြစ်သူ မောင်စောမင်းဦး(ခ) မောင်ဘောကြီး သေဆုံးခဲ့ရသည်။
ထိုမျှမကသေးပါ။ ရွာထိပ်တွင် ရောက်ရှိနေသော ၁၆နှစ်အရွယ် မောင်အောင်အောင်ဦးသည်စစ်ကောင်စီတပ်လေယာဥ်များပစ်ခတ်ပျံသန်းနေသောကြောင့် နီးစပ်ရာတံတားအောက်သို့ ဝင်ရောက် ပုန်းခိုနေစဥ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်တွေ့၍ ဖမ်းဆီးပြီး ခေါင်းကိုသေနတ်ဖြင့်တေ့ကာ သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ထိုအပြင်စစ်တပ်သည် လက်ယက်ကုန်းကျေးရွာက ဆရာဆရာမများ၊ ကလေးငယ်များအပါအဝင်၂၀ဦးထက်မနည်းကို ရေဦးမြို့ဘက် သို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးအများစုမှာထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရရှိထားကြသည်။ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာ က ရေဦးမြို့နယ် သုသာန်တွင် ကလေးငယ် ခုနစ်ဦး၏ ရုပ်အလောင်းများလာရောက်သင်္ဂြိုလ်သွားခဲ့ကြောင်းဒေသခံများကပြောသည်။လက်ရှိတွင် ကလေးငယ် စုစုပေါင်း ၇ ဦးထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရထားသူများထဲမှ သေဆုံးသူထပ်မံတိုးနိုင်သေးသည်။
ရေဦးမြို့ သုသာန်တွင်သင်္ဂြိုလ်ခဲ့သောရုပ်အလောင်းများတွင်ယောင်္ကျားလေး လေးဦး၊ မိန်းကလေး သုံးဦးပါဝင်သည်။ထို့အပြင် ကျား၊မ မခွဲခြားနိုင်သည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုပါ ပီနံအိတ်ဖြင့် လာပို့သွားကြောင်း ရေဦးမြို့နယ်မှ ပြည် သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။

ထပ်မံ၍ ယမန်နေ့(စက်တင်ဘာ ၁၇) ညနေ လေးနာရီခန့်ကလည်း ရင်ဘတ်တွင် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့်သေဆုံးနေသည့် ကလေးတစ်ဦးကို ရေဦးသုသာန်သို့ စစ်တပ်က လာပို့သွားကြောင်း ဒေသခံများကပြောသည်။ထိုကြောင့် ရေဦးမြို့နယ် သုသာန်တွင် သင်္ဂြိုလ်ထားသောကလေးငယ်မှာပင် နှစ်ရက်အတွင်း ၈ ဦးရှိနေသည်။ ထိုကလေးငယ်ရုပ်အလောင်းများမှာလက်ယက်ကုန်းရွာ ဘုန်ကြီးကျောင်းမှ ကလေးငယ်များဟုတ်၊မဟုတ်ကို People’s Spring ကအတည်မပြုနိုင်သေးပါ။
“နောက်ဆုံးက ရုပ်အလောင်း ခြောက်လောင်းတွေ့တယ်။အဲဒါကပြည်သူတွေအရွယ်ရောက်ပြီးသားလူတွေပေါ့။ ကလေးလေးယောက် သေတယ်ဆိုတာ အဲဒီမှာ လွှတ်လိုက်တဲ့ ဆရာမတစ်ယောက်က ပြောတာ။ နောက်ပြီးတော့ ကလေးတွေရော ဆရာမတွေရော ဓားစာခံလုပ်ပြီးတော့ ရေဦးဆေးရုံကို ခေါ်သွားတယ်လေ။ ဒဏ်ရာရတာတွေရော။ အဲဒီမှာ ရေဦးဆေးရုံမှာ ကုနေရင်းနဲ့ ထပ်ပြီးတော့ ကလေးတွေ ဆုံးကုန်ကြတယ်။ ဒီနေ့ ၇လောင်း သင်္ဂြိုလ်တယ်တဲ့ သင်္ချိုင်းမှာ။ အဲဒီတော့ ကလေး ၇ယောက်ရှိသွားတာပေါ့” ဟု ဒီပဲယင်းဒေသခံတစ်ဦးကပြောသည်။
ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့၏ နောက်ဆုံးအတည်ပြုချက်အရ အသက်(၇)နှစ်မှ (၁၄) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ စုစုပေါင်း( ၆)ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟုသိရသည်။
လက်တလောရရှိထားသည့် သတင်းအရသေဆုံးကလေးငယ် ၆ ဦးအနက် သုံးဦးမှာ ဘုန်းတေဇ အသက် (၇)နှစ်၊ သုရတီလှိုင် အသက်(၇)နှစ်နှင့် ဖိုးသား အသက် (၁၄) နှစ်တို့ ဖြစ်ကြသည်။ ကျန်သုံးဦးမှာ အမည်မသိရသေးပေ။
စစ်တပ်က လက်ယက်ကုန်းရွာအတွင်းပစ်ခတ်အကြမ်းဖက်၍ သေဆုံးခဲ့သောရွာသူ၊ရွာသား(၇)ဦးမှာ ဦးကျော်ထွန်း အသက် (၄၉)နှစ်၊ ဦးအောင်စောထွေး အသက် (၃၄)နှစ်၊ ဦးတင်စိုးခိုင် အသက်(၃၁)နှစ်၊ မယု အသက်(၃၇)နှစ်၊ မောင်အောင်အောင်ဦး အသက်(၁၆)နှစ်၊ မောင်အောင်ချစ်မိုး အသက်(၂၂)နှစ်၊ မောင်စောမင်းဦး (ခ) မောင်ဘောကြီး အသက် (၁၃)နှစ်တို့ဖြစ်သည်။
ထို့ကြောင့်စက်တင်ဘာ ၁၇ ရက်ညနေပိုင်းအထိ ၁၃ ဦးသေဆုံးထားသည်။ လက်ရှိတွင် ဒဏ်ရာများစွာဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့်ကလေးငယ်များသည် ရေဦးတိုင်းရင်းဆေးရုံ၌ ဖြစ်သလိုဆေးကုပေးခံနေရပြီး သေဆုံးကလေးအရေအတွက် ပိုများလာမည်ကို ဒေသခံများက အထူးစိုးရိမ်နေကြသည်။
စစ်ကောင်စီတပ်သည် လက်ယက်ကုန်းကျေးရွာအတွင်း နေအိမ်များ၊ ပစ္စည်းများ၊ တိရစ္ဆာန်များကိုလည်း မီးရှို့ခဲ့ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဘေးအနီးဝန်းကျင်ကိုဆက်တိုက်ပစ်ခတ်ခဲ့သည်။
စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည်လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနများက အပြင်းအထန် ရှုတ်ချကြောင်း၊ ဖမ်းဆီးထားသည့် ကလေးသူငယ်များနှင့် ဆရာ/ဆရာမများကို မည်သည့်အန္တရာယ်မှ ကျရောက်စေခြင်းမရှိဘဲ အမြန်ဆုံးပြန်လွှတ်ရန် တောင်းဆိုခဲ့သည်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ကလေးသူငယ်များ၏ ပညာရေးအခွင့်အရေး (Right to Education) ကို ဆိုးရွားစွာ ချိုးဖောက်ခံရမှု၊ စာသင်ကျောင်းများကို ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေးတွင် အားဖြည့်ပံ့ပိုးရန် တာဝန်ရှိသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒီပဲယင်းမြို့နယ် အတွင်းရှိ ညောင်လှ၊ သစ်တုံ၊ မူးဆုံ၊ မူးခံ၊ ညောင်ကြီး ကုန်း၊ အင်ပင်၊ လက်ယက်ကုန်း ကျေးရွာများက ပြည်သူများ အသေအပျောက်ရှိပြီး ပြင်းထန် ဒဏ်ရာများလည်း ရထားကာ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့ ဒီပဲယင်းဘက်မှာတော့ ဒီလိုမျိူးလေယာဥ်နဲ့လာပစ်တဲ့အထဲမှာ ဒါအဆိုးဆုံးပဲ။ ထင်လည်းမထားဘူး။ အရမ်းကြောက်စရာကောင်းတယ်။ လူတွေကြောက်လန့်ထိတ်လန့်နေတယ်။ တစ်ရက်တည်း ဆယ်ဦးဆယ့်ငါးဦးလောက်အသတ်ခံရတယ်။ တချို့ကလေးဆိုရင် ကာကွယ်ရေးသမားလို့ ခေါင်းစဥ်တပ် ခေါင်းတေ့အပစ်ခံလိုက်ရတာဆိုတော့။ရွာကိုဘယ်သူမှလည်းမကပ်ရဲဘူး။ ဟိုသတင်းတွေကြား ဒီသတင်းတွေကြားနဲ့ အထိတ်တလန့်ဖြစ်နေတယ်။ “ဟု ပြောသည်။
စစ်ကောင်စီတပ်၏ဝါဒဖြန့် မီဒီယာများကတော့အဆိုပါဖြရ်စဥ်ကိုပြောင်းပြန်ထုတ်ပြန်ထားသည်။ KIA နှင့်PDF များကလက်ယက်ကုန်းရွာအနီးမှလက်နက်သယ်ယူပြီး ၊ဘုန်းကြီးကျောင်းတွင်း PDF နှင့် NLD အစွန်းရောက်များရှိနေ၍ စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မျက်နှာပြောင်ပြောင်ဖြင့်ပင်ထုတ်ပြန်သည်။ စစ်တပ်က စီးနင်းတိုက်ခိုက်စဥ် KIA နှင့်PDF များကရွာသူ၊ရွာသားများကို လူသားတံတိုင်းလုပ်၍ ခုခံသဖြင့် ရွာသူရွာသားအချို့ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။စစ်တပ်ကဒဏ်ရာရသူများကိုဆေးကုသပေးရန် ခေါ်ဆောင်၍ကုသပေးနေခြင်းဖြစ်
သည်ဟုလည်းဆိုပြန်သည်။ ရွာကိုစီးနင်းတိုက်ခိုက်မှုကြောင့်လက်လုပ်မိုင်းနှင့်ဗုံးအချို့ သိမ်းဆည်းနိုင်ခဲ့သည်ဟုစစ်ကောင်စီကထုတ်ပြန်သည်။
စစ်ကောင်စီထုတ်ပြန်ချက်တွင် ရှေ့နောက်မညီသောမြင်သာသည့်အချက်တစ်ချက်မှာ KIAနှင့် PDFများကလက်နက်သယ်၍ စီးနင်းတိုက်ခိုက်သည်ဟုအပေါ်တွင်ဆိုထားပြီးသိမ်းဆည်းရမိသောလက်နက်များဟုဆိုကာပြသရာတွင် လက်လုပ်မိုင်း၊လက်လုပ်ဗုံးများကိုပြသထားခြင်းဖြစ်သည်။
ဒေသခံများကမူ စစ်ကောင်စီတပ်ကရွာကိုလာရောက်ပစ်ခတ်ချိန်တွင် KIA ရော၊ PDF ရောမရှိသလို ၊တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ တစ်ဖက်သက်ပစ်ခတ်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟုပြောကြသည်။
လက်ယက်ကုန်းကျေးရွာဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းအမှားများ ဝါဒဖြန့်နေခြင်းအား ဒီပဲယင်းမြို့နယ်အခြေစိုက် Black Army-DPY PDFအဖွဲ့ တာဝန်ရှိသူက “စစ်ကောင်စီကတော့ အာဏာလုစဉ်ကလည်း အာဏာလုတာကို လိမ်ညာဖို့ မဲကို အကြောင်းပြခဲ့တယ်။ အခု ဒီပဲယင်း လက်ယက်ကုန်းဖြစ်စဉ်မှာလည်း ပြောင်ကျကျလိမ်ဖို့ကြိုးစားခြင်းသာဖြစ်ပါတယ်။ KIAတွေ PDF တွေရှိမရှိဆိုတာသူတို့အခိုင်းစေ စခတွေ မျက်ဝါးထင်ထင်မြင်သွားခဲ့ရပြီးပါပြီ။ စာသင်နေတဲ့ ကလေးအလောင်းတွေ၊ ဒဏ်ရာရလို့ အော်ငိုနေတဲ့ ကလေးတွေကိုသူတို့မျက်မြင်တွေ့သွားတာတောင်မှလိမ်ညာနေဦးမယ်ဆိုရင် ဒီထက်လိမ်ညာတတ်သူမရှိနိုင်တော့ဘူးဗျ”ဟုပြောသည်။
စစ်ကောင်စီအတွက် ကလေးငယ်၊ ကျောင်းသားငယ်များကိုပင်မရှောင် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးသောလုပ်ရပ်မှာလက်ယက်ကုန်းရွာသည် ပထမဆုံးမဟုတ်ပေ။လွန်ခဲ့သည့်ဩဂုတ်လ အတွင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊လက်ပံကျင်းကျေးရွာရှိ စာသင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ဖူးသည်။ယခုနှစ် ဖေဖော်ဝါရီလ အတွင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မူကြိုအရွယ် ကလေး (၈၀) ဦးအားလည်း ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းသဖွယ် ပြုလုပ်၍ စစ်ရာဇဝတ်မှုအားလည်း ကျူးလွန်ခဲ့ဖူးသည်။
အခြားဒေသများလည်းကလေးငယ်ရော၊ကျောင်းသားရော၊လူကြီးရောဟူ၍မခွဲခြားဘဲ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများကိုလည်းစစ်ကောင်စီတပ်ကမကြာခဏကျူးလွန်နေသည်။
လက်ယက်ကုန်းရွာဖြစ်စဥ်နှင့်ပတ်သပ်၍Black Army-DPY PDFအဖွဲ့ တာဝန်ရှိသူ” ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းဖြစ်စဉ်ဟာ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်။အပြစ်မဲ့ ကလေးငယ်ကျောင်းသားကျောင်းသူနဲ့ ပြည်သူတွေကို အယုတ်မာဆုံး အကြမ်းဖက်မှုသာဖြစ်တယ်။ ဒီလုပ်ရပ်တွေအတွက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေတာဝန်ယူရပါမယ်။”ဟုပြတ်ပြတ်သားသားပြောသည်။
လက်နက်ကြီးကျည်ကြောင့်ပျက်စီးသွားသည့်စာသင်ဆောင်အတွင်း၌စာသင်ခုံများ ဖရိုဖရဲဖြစ်နေပြီးသွေးကွက်မျာလည်းမခြောက်သေးပေ။
ကလေးဖိနပ်သုံးရန်၊ စုတ်ပြဲနေသော စာအုပ်များအားထည့်ထားသော သွေးစိုရွှဲနေသည့် လွယ်အိတ်တစ်လုံး၊ ပါဝါရိမ်းဂျားပုံပါ ဗလာစာအုပ်များ၊ ကလေးဆောင်းဦးထုပ်လေးနှစ်လုံး၊ ကာတွန်းရုပ်ပုံ ကျောပိုးအိတ်လေးတစ်လုံး စသည့်ကလေးပစ္စည်းများသည်လည်းအင်္ဂတေမှုန်များပေကျံကာ ကျန်ခဲ့သည်။ ယနေ့အထိ ပိုင်ရှင်ဖြစ်သူ ကလေးငယ်များ ပြန်လာယူနိုင်ခြင်း မရှိသေးပါ။ ။
