ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စုပေါင်းရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် မြို့အဝင်၊ အထွက် ပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများကပြောသည်။
ဗန်းမော်မြို့ သုံးမိုင်ဂိတ်အနီးတွင် အိမ်စီးကားတစ်စီးပေါ်မှ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းဖြစ်စဥ်သည် ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“မနက်က စုပေါင်းရုံး ဖောက်ခွဲခံရပြီး စစ်ကောင်စီက ရန်လိုနေတာ။ သူ့လမ်းသူသွားနေတဲ့ အရပ် သားကို တားတာမရပ်လို့ဆိုပြီး ပစ်သတ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသွားသည့်အရပ်သား၏ ရုပ်အလောင်းကို စစ်ကောင်စီက ယူဆောင်သွား၍ မည်သူမည်ဝါ ဖြစ်သည်ကို အသေးစိတ်မသိရသေးပေ။
ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။
စုပေါင်းရုံးတိုက်ခိုက်ခံရမှုတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးခိုင် ဒဏ်ရာရရှ်ိသွားခဲ့သည်။ထို့အပြင် ဆိုင်ကယ် ၃၆စီး မီးလောင်သွားခဲ့သည်။
