ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေလေးထောင်ခန့်ရှိသည့်မူးကမ်းကြီးရွာကို စစ်ကောင်စီတပ်က မီးထပ်ရှို့သဖြင့်အိမ်အနည်းငယ်သာအကောင်းအတိုင်းကျန်ရှိကြောင်း ဒေသခံများကပြောသည်။
ရွာလုံးကျွတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို ပြန်တိုက်ခိုက်ရန်အတွက် ဖောက်ခွဲရေးမိုင်းများလိုအပ်နေပြီး ပြည်သူများ ထောက်ပံ့လှူဒါန်းပေးကြရန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များက တောင်းဆိုသည်။
ဒီပဲယင်းမြို့နယ် မူးကမ်းကြီး ရွာကို စစ်ကောင်စီက သြဂုတ် ၉ ရက်တွင်စတင်မီးရှို့ပြီးယနေ့တွင်လည်း စစ်ကြောင်းနှစ်ကြောင်းခွဲ၍ ယနေ့(သြဂုတ် ၁၀ရက်)တွင်လည်း ထပ်မံမီးရှို့နေသည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။
“ကျွန်တော်တို့ ဘယ်လိုမှ ပြန်မပစ်နိုင်ဘူး။ သူတို့က ကျည်တွေ ပုံကျသွားတဲ့အထိ ပစ်တာကြောင့် ခေါင်းတောင် ဖော်မရဘူး။ အဓိက ကျွန်တော်တို့ လုပ်နိုင်တာမိုင်းဆွဲတိုက်ခိုက်တာပဲ။ အဲ့ဒီအတွက် မိုင်းတွေလိုအပ်နေတယ်။ ကျွန်တော်တို့ကို ကူညီပေးကြပါ” ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးရဲဘော်ကပြောသည်။
မူးကမ်းကြီးရွာသည် အိမ်ခြေလေးထောင်ခန့်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ယနေ့နံနက်အခြေအနေအရ ရွာတွင် အိမ်ခြေဆယ်ဂဏန်းခန့်သာ အကောင်းအတိုင်းကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။

“ကျွန်တော်တို့ စစ်ကြောင်းကို ပတ်ပြီးရှောင်နေရတုန်းပါ။ ဒီမနက်လည်း မီးထပ်ရှို့နေပါတယ်။ ရွာမှာ အိမ်ဆယ်ဂဏန်းလောက်ပဲ ကျန်တော့မယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
မူးကမ်းကြီးရွာမှ သံဃာနှစ်ပါးနှင့် ဒေသခံအချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
ပြည်သူ့ကာကွယ်ရေးတပ်များအား မတိုက်ဘဲ အရပ်သားနေအိမ်များအား အကြမ်းဖက်ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်ကို လက်နက်ခဲယမ်းအလုံအလောက်ရှိပါက ရင်ဆိုင်တိုက်ခိုက်စိတ် ပြင်းထန်နေကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
” ရဲဘော်တစ်ယောက်စီမှာ သေနတ်ကျည် ၁၅ တောင့်လောက်နဲ့ တိုက်နေရတာ။ စစ်ခွေးတွေက ကျည်တွေ စိတ်ထင်တိုင်းပစ်နေတာ” ဟု မူးကမ်းကြီးရွာ အကြမ်းဖက်တိုက်ခိုက်ခံနေရသည့် အခြေအနေကို ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
